Skip to main content

ဝက်တုပ်ကွေး(Swine Influenza)ရောဂါအကြောင်း သိကောင်းစရာများ

ဝက်တုပ်ကွေး(Swine Influenza)ရောဂါအကြောင်း သိကောင်းစရာများ

ဝက်တုပ်ကွေးရောဂါ၏သမိုင်း

ဝက်တုပ်ကွေးရောဂါသည် ကမ္ဘာတစ်ဝန်းရှိ ဝက်များ အားလုံးတွင် အတွေ့ရများသော ရောဂါတစ်မျိုးဖြစ်ပြီး အသက်ရှူလမ်းကြောင်းတွင် အဓိက ဖြစ်ပွားတတ်သည်။ ဝက်များတွင် ရောဂါကူးစက်ဝင်ရောက်ပါက ရုတ်တရက် ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ မှိုင်နေခြင်း၊ ချောင်း ဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် နှာရည်များကျနေခြင်း စသည်တို့ကို တွေ့ရသည်။

ဝက်ခြံရှိ ဝက်တစ်ကောင်ကို တုပ်ကွေးရောဂါ ကူးစက် ခံရပါက ၂−၃ ရက်အတွင်း ခြံအတွင်းရှိ ဝက်များအားလုံးကူးစက်ပြန့် ပွားနိုင်သည်။ ဝက်၏အသက်အရွယ်၊ ကျန်းမာ ရေးအခြေအနေ၊ ကိုယ်ခံစွမ်းအား၊ ဗိုင်းရပ်စ်အမျိုးအစား တို့အပေါ်မူတည်၍ ရောဂါပြင်းထန်မှု ကွဲပြားသည်။

ဝက်တုပ်ကွေးရောဂါသည် ဝက်မှတစ်ဆင့် လူသို့လည်း ကူးစက်ပြန့်ပွားနိုင်သည်။ ၁၉၁၈ ခုနှစ်က အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းနှင့် မြောက်ပိုင်း ပြည်နယ်များ တွင် စတင်ဖြစ်ပွားသော ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကမ္ဘာ တစ်ဝန်းတွင် လူ ၁၀ သန်း အသက်ဆုံးရှုံးခဲ့ရသည်။ ဝက် တုပ်ကွေးကိုဖြစ်စေသော ရောဂါပိုးမှာ ဗိုင်းရပ်စ်ဖြစ်ကြောင်း ၁၉၃၁ ခုနှစ်တွင် Shope ဟုခေါ်သောပညာရှင်က အတည် ပြုခဲ့သည်။ Smith(1933)က လူတွင်ဖြစ်သော တုပ်ကွေး ရောဂါနှင့် ဝက်များတွင် ဖြစ်ပွားသော တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် အမျိုးအစားတူညီကြောင်း တင်ပြခဲ့ သည်။

အာရှနိုင်ငံများတွင် ၁၉၇၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သော လူတုပ်ကွေးရောဂါသည် ဝက်များမှတစ်ဆင့်ကူးစက်သော H2N2 ဗိုင်းရပ်စ်အမျိုးအစားဖြစ်ကြောင်း အစီရင်ခံစာများအရ သိရှိရသည်။ ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇကို သုတေသနပြုချက် များအရ ၁၉၁၈ ခုနှစ်က အမေရိကန်ပြည်ထောင်စု အလယ် ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များတွင် ဖြစ်ပွားခဲ့သော ဗိုင်းရပ်စ်ပိုးနှင့် မျိုးဗီဇတူညီ နေသည်ဟု ၂၀၀၁ ခုနှစ်က ပြုလုပ်သော သုတေသန အစီရင်ခံစာများအရ သိရသည်။

ရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုး

ဝက်တုပ်ကွေးရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးသည် Orthomyxoviridae Family မျိုးရင်းတွင် ပါဝင်သည်။ ဗိုင်းရပ်စ်ပိုး၏ အရွယ်အစားသည် 80-120 nm ရှိသည်။ ဗိုင်းရပ်စ်ပိုးကို အဆီပါသော ပိုးသတ်ဆေးများဖြင့် အလွယ် တကူ ဖျက်ဆီးနိုင်သည်။ ဗိုင်းရပ်စ်ပိုးတွင်(Negative RNA) အပိုင်းနှစ်ခု ပါဝင်သည်။ ဆဲလ်မျိုးတစ်ခုတွင် ဗိုင်းရပ်စ်ပိုး တစ်မျိုးထက်ပို၍ ကူးစက်ဝင်ရောက်ခဲ့ပါက ဗီဇအသွင် ကူးပြောင်းပြီး မူလနှင့်မတူညီသော မျိုးသစ်တစ်ခု ပေါ်ထွန်း လာနိုင်သည်။

ဗိုင်းရပ်စ်မျိုးကွဲများမှာ A, B & C ဟူ၍ သုံးမျိုးရှိသည်။ ဗိုင်းရပ်စ်ပိုးကို ဖုံးအုပ်ထားသောအလွှာ(Envelope)တွင် ပါရှိသည့် Matrix(M protein)၏ ပဋိလှုံ့ပစ္စည်း(Antigenic character)နှင့် ဗိုင်းရပ်စ်ကိုယ်တွင် ပါဝင်သော Nucleo-protein တို့၏ ပဋိလှုံ့ပစ္စည်း(Antigenic character) သဘာဝ တို့အပေါ် အခြေခံ၍ ပိုးအမျိုးအစားကွဲပြားမှု ဖြစ်ပေါ်ခြင်း ဖြစ်သည်။

ဗိုင်းရပ်စ်၏အခွံတွင် Glycoprotein and Haemag-glutinin(HA)နှင့် Neuraminidase(NA)တို့ ပါရှိပြီး ၎င်းတို့ တွင် ပဋိလှုံ့ပစ္စည်းသဘာဝ ပါရှိသည်။ ယင်းသဘာဝအရ A, B & C ဟူ၍ သုံးမျိုးရှိသည်။ ဝက်တုပ်ကွေးရောဂါကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးသည် A အမျိုးအစားတွင် ပါဝင် သည်။ ရောဂါပျံ့နှံ့မှုကိုလေ့လာသော သုတေသနပြုချက် များအရ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်က ဖြစ်ပွားခဲ့သော ဝက် တုပ်ကွေးရောဂါသည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ အနောက်ပိုင်းဒေသရှိ ရာသီဥတုအေးမြသောအချိန်များ တွင် ပို၍ဖြစ်ပွားသည်ကို တွေ့ရှိရသည်။ သို့သော် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ပြုလုပ်သော သုတေသနရလဒ် များအရ တစ်နှစ်ပတ်လုံး ဖြစ်ပွားနိုင်သည်ဟု သိရသည်။

ဝက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်သည် ဝက်တစ်ကောင်မှ တစ်ကောင်သို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူး စက်မှုဖြစ်ပွား သည်ကို တွေ့ရှိရသည်။ Shope ဟုခေါ်သော ပညာရှင်၏ ၁၉၄၁ ခုနှစ် သုတေသနပြုချက်အရ ဝက်များ တွင်ဖြစ်ပွားသော အဆုတ်သန်ကောင်နှင့် တီကောင်တို့ သည် ဗိုင်းရပ်စ်ပိုးကို ကြားခံ လက်ခံကောင်အဖြစ် သယ် ဆောင်ထားသည်ကို တွေ့ရသည်။ ကမ္ဘာလုံးဆိုင်ရာ ရောဂါ ပျံ့နှံ့မှုကို လေ့လာရန်အတွက် တိရစ္ဆာန်များတွင်ဖြစ်ပွား သော တုပ်ကွေးရောဂါနှင့် လူသားများတွင်ဖြစ်ပွားသော တုပ်ကွေးရောဂါကို သေချာစွာသိရှိထားရန် လိုအပ်သည်။

ရေနေ နို့တိုက်သတ္တဝါများ၊ ကြံ့နှင့် လူသားများတွင် ဖြစ်ပွားသော တုပ်ကွေးရောဂါ၊ ရေတွင် နေထိုင်ကျက်စား သောငှက်၊ ပင်လယ်ကမ်းခြေတွင် နေထိုင်ကျက်စားသော ငှက်များသည် ရောဂါပိုးကို ပျံ့နှံ့စေသော အဓိက လက်ခံ ကောင်များ ဖြစ်သည်။ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် ငှက်များ၏ အူလမ်းကြောင်းရှိ ဆဲလ်များတွင် ပွားများပြီး မစင်မှတစ်ဆင့် ရေထုထဲသို့ ပျံ့နှံ့ရောက်ရှိသွားကာ ရေထု ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ရေပျော်ငှက် များသည် တုပ်ကွေးရောဂါပိုးကို သယ်ဆောင်ရာ အဓိက လက်ခံကောင်များ ဖြစ်သည်။

နို့တိုက်သတ္တဝါများတွင်ဖြစ်သော တုပ်ကွေးရောဂါ သည် ရေပျော်ငှက်များမှတစ်ဆင့် အဓိကကူးစက်သည်ကို သုတေသန အစီရင်ခံစာ များအရ သိရှိရသည်။ ၁၉၇၀ ပြည့်နှစ် သုတေသနအစီရင်ခံချက်အရ H1N1 ဗိုင်းရပ်စ် မျိုးကွဲကို ဝက်တုပ်ကွေးရောဂါတွင် အဓိက တွေ့ရှိရသည်။ မြောက်အမေရိက၊ လက်တင်အမေရိက၊ ဥရောပနှင့် အာရှ နိုင်ငံများတွင်လည်း ဝက်တုပ်ကွေးရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်မျိုးကွဲမှာ H1N1 ဖြစ်ကြောင်း OIE အစီရင်ခံစာများ အရ သိရသည်။ H1N1 ဗိုင်းရပ်စ် မျိုးကွဲသည် စီးပွားဖြစ် မွေးမြူသော ဝက်များတွင်သာမက တောဝက်များတွင် လည်း ကူးစက်ဖြစ်ပွားနိုင်ကြောင်း တွေ့ရှိရသည်။

လူမှတစ်ဆင့် ဝက်သို့ကူးစက်ခြင်း

အာရှနှင့် ဥရောပဒေသရှိ နိုင်ငံများရှိ ဝက်များတွင် လူတုပ်ကွေးရောဂါကိုဖြစ်စေသော H2N2 ဗိုင်းရပ်စ်မျိုးကွဲ ကြောင့် ဝက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသည်ကို တွေ့ရှိရသည်။ H3N3 ဗိုင်းရပ်စ်မျိုးကွဲကို မြောက်အမေရိက နိုင်ငံများရှိ ဝက်များတွင် တွေ့ရသော်လည်း အာရှတွင် ၂၀၀၂ ခုနှစ်ကပြုလုပ်သော သုတေသန အစီရင်ခံစာများအရ အာရှနိုင်ငံများတွင်ဖြစ်ပွားသော ဗိုင်းရပ်စ်မျိုးကွဲများမှာ H1N1, H3N2 နှင့် H9N2 တို့ဖြစ်ပြီး ကနေဒါနိုင်ငံတွင် တွေ့ရ သော ဗိုင်းရပ်စ်မျိုးကွဲများမှာ H9N6, H3N3 နှင့် H1N1 တို့ ဖြစ်ကြောင်း သိရသည်။

ဥရောပဒေသရှိ နိုင်ငံများတွင်မူ H3N2 ဗိုင်းရပ်စ်မျိုးကွဲ ကြောင့် ဝက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားကြောင်း အစီရင်ခံစာများအရ သိရသည်။ ၂၀၀၂ ခုနှစ်က အမေရိကန် ပြည်ထောင်စုရှိ ဝက်ခြံများ၌ H1N2 ဗိုင်းရပ်စ်မျိုးကွဲကြောင့် ရောဂါကူးစက်ခံရသည်။ ယင်းဗိုင်းရပ်စ်မျိုးကွဲကို မစ်ဆူရီ ပြည်နယ်ရှိ ကြက်ဆင်များနှင့် မြောက်ကာရိုလိုင်းနား ပြည်နယ်ရှိ ရေပျော်ငှက်များတွင်လည်း သယ်ဆောင်ထား ကြောင်း သိရသည်။ H3N2 ဗိုင်းရပ်စ်မျိုးကွဲကြောင့် တရုတ် (တိုင်ပေ)၊ ဂျပန်၊ ပြင်သစ်နိုင်ငံများရှိ ဝက်များတွင် တုပ်ကွေးကူးစက်ဖြစ်ပွားသည်ကို တွေ့ရသည်။ ဝက်တုပ် ကွေးရောဂါသည် ဝက်များမှတစ်ဆင့် လူသို့ကူးစက်နိုင် သဖြင့် ပြည်သူ့ကျန်းမာရေးရှုထောင့်အရ လွန်စွာအရေး ကြီးသည်။

ဝက်တုပ်ကွေးရောဂါသည် ဝက်များမှတစ်ဆင့် လူသို့ ကူးစက်နိုင်မှုကို အမေရိကန်ပြည်ထောင်စု၊ အာရှဒေသရှိ နိုင်ငံများနှင့် ဥရောပဒေသရှိ နိုင်ငံများတွင် ၂၀၀၀−၂၀၀၉ ခုနှစ်အတွင်း ကူးစက်ဖြစ်ပွားခဲ့မှုများအရ သိရသည်။ ဝက် တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှုကို ဝက်ခြံလုပ်သားများတွင် အများဆုံးတွေ့ရှိရသည်။ ဒုတိယအနေဖြင့် ဝက်ခြံပိုင်ရှင် များ၊ ၎င်းတို့၏ မိသားစုဝင်များ၊ ခြံဝန်ထမ်းများနှင့် အတူနေ မိသားစုဝင်များအား ရောဂါကူးစက်ခံရသည်ကို တွေ့ရှိရ သည်။ ဝက်မှတစ်ဆင့် လူသို့ ကူးစက်နိုင်သော်လည်း လူအချင်းချင်း ကူးစက်နှုန်းမှာ နည်းပါးသည်ကို တွေ့ရှိရ သည်။ ဝက်များတွင်ဖြစ်ပွားသော H2N2 ဗိုင်းရပ်စ်မျိုးကွဲ သည် ကလေးသူငယ်များသို့ ကူးစက်ခံရပါက ရောဂါ လက္ခဏာ ပြင်းထန်သည်ကိုလည်း တွေ့ရသည်။

ရောဂါဖြစ်ပွားပုံအဆင့်ဆင့်နှင့် လက္ခဏာများ

ဝက်တုပ်ကွေး ဗိုင်းရပ်စ်ရောဂါပိုးသည် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် အာခေါင်ပျော့၊ လည်ချောင်း နှင့် အဆုတ်များမှ တစ်ဆင့် အသက်ရှူလမ်းကြောင်းစနစ် အတွင်းရှိ ပြန်ရည်ကြောဖုများထဲတွင် ပွားများသည်။ ဗိုင်းရပ်စ်ပိုးပျိုးချိန်သည် ၁−၃ ရက်အထိ ကြာမြင့်သည်။ အဆုတ်သည် ဗိုင်းရပ်စ်ပိုးများပွားများရန် အကောင်းဆုံး နေရာ ဖြစ်သည်။ ရောဂါဝင်ရောက်ပြီး သုံးရက်နောက်ပိုင်း တွင် ရောဂါကူးစက်ခံရခြင်းရှိမရှိ ဗိုင်းရပ်စ်ပိုးကို စတင် စမ်းသပ်၍ရသည်။

ဝက်တုပ်ကွေးဗိုင်းရပ်စ်ရောဂါ ဖြစ်နေသော ဝက်များ တွင် အဖျားတက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ မလှုပ်ရှား နိုင်ခြင်း၊ လဲလျောင်းနေခြင်း၊ မျက်ခွံများရောင်နေခြင်း၊ နှုတ်သီးရောင်ခြင်း၊ နှာရည်ကျခြင်း၊ နှာချေခြင်း၊ ချောင်းဆိုး ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်း စသည့် လက္ခဏာများ ဖြစ်ပွားလေ့ရှိသည်။ အသက်ရှူကျပ်ခြင်းကို ခံစားနေရ သော ဝက်များသည် ပါးစပ်ဟ၍ အသက်ရှူနေသည်ကို တွေ့ရသည်။ ဖြစ်ပွားနှုန်းသည် ၁၀၀ ရာခိုင်နှုန်းရှိသော် လည်း သေနှုန်းမှာ ၁ ရာခိုင်နှုန်းသာ ရှိသည်။

နောက်ဆက်တွဲအနေဖြင့်အခြားရောဂါများ ကူးစက် ခံရပါက သို့မဟုတ် ကူးစက်ခံရသောတိရစ္ဆာန်မှာ အသက် ငယ်လွန်းပါက သေနှုန်းမှာ ၁ ရာခိုင်နှုန်းထက် များနိုင်သည် ကို တွေ့ရသည်။ ဝက်တုပ်ကွေးဗိုင်းရပ်စ်ရောဂါ ဖြစ်ပွား မှုကို လွှမ်းမိုးသော အချက်များမှာ ဝက်များ၏ ကိုယ်ခံ စွမ်းအား၊ ဝက်များ၏ အသက်၊ ဝင်ရောက်သည့် ဗိုင်းရပ်စ် အမျိုးအစား၊ ရာသီဥတု အခြေအနေနှင့် ခြံအနေအထား တို့အပေါ် မူတည်၍ ပြောင်းလဲမှုရှိနိုင်သည်။ PRRS ဟု ခေါ်သော ဝက်နားရွက်ပြာရောဂါနှင့်တွဲ၍ ဖြစ်ပွားပါက သေဆုံးနှုန်း မြင့်မားသည်ကို အစီရင်ခံစာများအရ သိရ သည်။ ဝက်တုပ်ကွေးဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားပြီးသော ခြံများတွင် မျိုးမအောင်ခြင်း၊ သားလျှောခြင်း၊ မသန်စွမ်း သော ဝက်ငယ်လေးများ မွေးဖွားခြင်းနှင့် အသေကောင် မွေးဖွားခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများကို တွေ့ရှိ နိုင်သည်။

ဝက်အသေကောင်ကို ခွဲစိတ်ကြည့်ပါကတွေ့ရမည့်လက္ခဏာများ

ဝက်တုပ်ကွေးဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသော ဝက်ကို ခွဲစိတ်ကြည့်ပါက အဓိကတွေ့ရသည့် လက္ခဏာ များမှာ အဆုတ်သည် ပန်းရောင်မှ ခရမ်းရောင်သို့ ပြောင်း နေခြင်း၊ လေပြွန်ကိုဖုံးအုပ်ထားသော အပေါ်ယံအလွှာ ကွာကျနေခြင်း၊ အဆုတ်သည် မာကျောနေပြီး လေ ဝင်/ ထွက်ရာ လမ်းကြောင်းများတွင် ပိတ်ဆို့မှုဖြစ်နေခြင်းတို့ကို တွေ့ရသည်။ ဝက်တုပ်ကွေးဗိုင်းရပ်စ်ရောဂါ ကူးစက်ဝင် ရောက်ပြီး တစ်ပတ်အကြာတွင် ရောဂါကို ကာကွယ်နိုင် သော ပဋိပစ္စည်းသည် တိရစ္ဆာန်ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ် လာသည်။ ရောဂါဝင်ရောက်ပြီး ၂−၃ ပတ် အတွင်းတွင် ဝက်၏ကိုယ်ခံစွမ်းအားသည် အမြင့်ဆုံးဖြစ်သည်။

ဗိုင်းရပ်စ်ရောဂါ ကူးစက်ဝင်ရောက်ပြီး ၈−၁၀ ပတ် အကြာတွင် ကိုယ်ခံစွမ်းအား ပြန်လည်ကျဆင်းလာသည်ကို တွေ့ရသည်။ ရောဂါဝင်ရောက်ပြီး သုံးရက်အကြာတွင် သွေးကို နမူနာပစ္စည်းအနေဖြင့်လည်းကောင်း၊ လေးရက် အကြာတွင် နှာခေါင်းတို့ဖတ်ကို နမူနာပစ္စည်းအနေဖြင့် လည်းကောင်း ယူ၍ ပဋိပစ္စည်းပါဝင်မှုကို တိုင်းတာနိုင် သည်။ ဝက်တုပ်ကွေးဗိုင်းရပ်စ်ရောဂါ ကူးစက် ဝင်ရောက်ပြီး ကိုယ်ခံစွမ်းအားမြင့်သောဝက်များသည် နောက်တစ်ကြိမ် ရောဂါဝင်ရောက်ပါက ရောဂါဒဏ် ခံနိုင်ရည်ရှိသည်ကို တွေ့ရသည်။ ဗိုင်းရပ်စ်မျိုးကွဲတစ်ခုကြောင့် ဖြစ်ပေါ်သော ပဋိပစ္စည်းသည် အခြားဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရပါက ကာကွယ်နိုင် သောစွမ်းရည်မှာ အနည်းငယ်သာ ရှိသည်။ ကာကွယ်ဆေးထိုးထားသောဝက်များတွင် ရောဂါကူးစက်မှု ဒဏ်ကို အနည်းငယ်သာ တွေ့ရှိရပြီး ရောဂါဒဏ်ကို ပို၍ လည်း ခံနိုင်ရည်ရှိသည်။ မျိုးဝက်မများကို ကာကွယ်ဆေး ထိုးနှံပေးပါက မွေးဖွားလာသော ဝက်ငယ်လေးများတွင် ဗိုင်းရပ်စ်မျိုးကွဲတူလျှင် ရောဂါကို ခံနိုင်ရည်ရှိပြီး ဗိုင်းရပ်စ် မျိုးကွဲမတူလျှင် ရောဂါကူးစက်ခံရနိုင်သည်။

ရောဂါကို အတည်ပြုခြင်း

ဝက်တုပ်ကွေးဗိုင်းရပ်စ်ရောဂါကြောင့် ဖြစ်ပေါ်သော ကူးစက်ရောဂါ လက္ခဏာများသည် အခြား ဗိုင်းရပ်စ်များ ကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်း ရောဂါများနှင့် ဆင်တူယိုးမှားဖြစ်နေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဝက်တုပ်ကွေးရောဂါဖြစ်ကြောင်း တိကျသောအဖြေကို ရရှိရန် နမူနာပစ္စည်းကို ဓာတ်ခွဲခန်းသို့ပို့၍ အတည်ပြုချက် ရယူရမည်ဖြစ်သည်။ နမူနာပစ္စည်းများအနေဖြင့် သွေး၊ နှာခေါင်းတို့ဖတ်များကို စနစ်တကျထုပ်ပိုးပြီး ရေခဲပုံးဖြင့် ထည့်ကာ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ရမည်ဖြစ်သည်။ နမူနာ ပစ္စည်းယူရာတွင် Cotton swab ကို မသုံးဘဲ Polyester ကို အသုံးပြု၍ ယူရမည်ဖြစ်သည်။

ဓာတ်ခွဲခန်းသို့ နမူနာပစ္စည်း ရောက်ရှိပြီး ၄၈ နာရီ အတွင်း ဓာတ်ခွဲစမ်းသပ်ရမည်။ နမူနာပစ္စည်းကို ကြာရှည် သိမ်းဆည်း ထားလိုပါက (-70.C)အပူချိန်ရှိ ရေခဲသေတ္တာ တွင် သိုလှောင်သိမ်းဆည်းထားနိုင်သည်။ နမူနာပစ္စည်း ယူရမည့် တိရစ္ဆာန်သည် အသေကောင်ဖြစ်နေပါက လည်ချောင်းကို နမူနာပစ္စည်းအနေဖြင့် ယူနိုင်သည်။ ဗိုင်းရပ်စ်ကို ပွားများလိုပါက Embryonated Chicken Egg, Bovine Kidney Cells, Porcine Kidney Cells, Canine Kidney Cells, Porcine Lung and Trachea Cells များကို အသုံးပြု၍ ဗိုင်းရပ်စ်ကို ပွားများနိုင်သည်။ ELISA, PCR, RT-PCR, Rapid Test Kit များကို အသုံးပြု၍ ရောဂါကို စစ်ဆေးအတည်ပြုနိုင်သည်။

ရောဂါကာကွယ်ထိန်းချုပ်ခြင်း

ဝက်တုပ်ကွေးဗိုင်းရပ်စ်ရောဂါကို ကာကွယ်ဆေးထိုးနှံ ခြင်းနှင့် ဝက်ခြံများတွင် ဇီဝလုံခြုံရေး ကောင်းမွန်အောင် ဆောင်ရွက်ခြင်း ဖြင့် ကာကွယ်နိုင်သည်။ အမေရိကန် ပြည်ထောင်စုတွင် ဝက်ခြံများ၌ ပိုးသေ ကာကွယ်ဆေးကို နှစ်ပတ်ခြား၍ ထိုးနှံပေးခြင်း အလေ့အထကို ဆောင်ရွက် သည်။ အမေရိကန်ပြည်ထောင်စုနှင့် EU နိုင်ငံများတွင် ဖြစ်ပွားသော ဗိုင်းရပ်စ်မျိုးကွဲများမှာ မတူညီသောကြောင့် အသုံးပြုကြသော ကာကွယ်ဆေး အမျိုးအစားမှာလည်း မတူပါ။ အမေရိကန်ပြည်ထောင်စုတွင် H1N1 ရောဂါ ကာကွယ်ဆေးကို ၁၉၉၃ ခုနှစ်က စတင်အသုံးပြုခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် H1N1 နှင့် H3N2 ဗိုင်းရပ်စ် နှစ်မျိုးစပ် ကာကွယ်ဆေးကို အသုံးပြုခဲ့သည်။ ယခုအခါ ဗိုင်းရပ်စ် မျိုးကွဲ သုံးမျိုး H1N1, H1N2, H3N2 ပါဝင်သော Trivalent Vaccine များကို စတင်အသုံးပြုနေကြသည်။

ကာကွယ်ဆေးများကို စတင်အသုံးပြုရာတွင် အဓိက အရေးကြီးသော အချက်များမှာ ကာကွယ်ဆေးတွင် ပါဝင် သော ဗိုင်းရပ်စ်ပမာဏ၊ ဗိုင်းရပ်စ်မျိုးကွဲ၊ ကာကွယ်ဆေး ဖျော်စပ်ရန်အရည်၊ ဘေးထွက်ဆိုးကျိုး စသည်တို့ဖြစ်သည်။ ကာကွယ်ဆေး ဖျော်စပ်ရည်အနေဖြင့် Dual A နှင့် Al-hydrogel တို့ကို အသုံးပြုပါက ပို၍ကောင်းမွန်ကြောင်း သုတေသနရလဒ်များအရ သိရသည်။ မိခင် ဝက်မကြီးကို ကာကွယ်ဆေး ထိုးပေးထားပါက ၎င်းမှမွေးဖွားလာသော ဝက်ငယ်လေးများတွင် အသက် ၁၆ ပတ်အထိတိုင်အောင် ရောဂါကာကွယ်နိုင်စွမ်းရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ဝက်မွေးမြူရေးလုပ်ငန်းတွင် အရေးပါသော၊ တိရစ္ဆာန်မှ တစ်ဆင့် လူသို့ကူးစက်နိုင်သော ဝက်တုပ်ကွေးရောဂါကို ဖြစ်ပွားမှုမရှိအောင် စနစ်တကျ ကြိုတင်ကာကွယ်ကြပါစို့ဟု အကြံပြု ရေးသားလိုက်ရပါသည်။ ။

ဒေါက်တာခင်မောင်လတ် (မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်)