ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် အနုပညာစကားဝိုင်း(၁)
တောင်တန်းဒေသနှင့် ပြည်မပူးပေါင်း၍ လွတ်လပ်ရေးကို အတူတကွရယူကြရန် သဘောတူညီပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြသည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသည့် နေ့ထူးနေ့မြတ်တစ်ခုလည်း ဖြစ်ပါသည်။ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ အဓွန့်ရှည် တည်တံ့စေရန်နှင့် တိုင်းရင်းသားများ စည်းလုံး ချစ်ကြည်စွာ အတူတကွ စုစည်းနေကြရန်အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်လှပါသည်။