မာရ်အပေါင်းတို့ကို အောင်တော်မူ
မာရဝိဇယဟု ဘွဲ့တော်ရသည့် ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ကိန်းဝပ်စံပယ် တော်မူရာ ဗုဒ္ဓဥယျာဉ်တော်သို့ ညွတ်တွားကော်ရော် ဖူးမြော်တစ်ခေါက် ရောက်ခဲ့ရသည်။ မိမိကဲ့သို့ပင် ရှင်တော်မြတ်ဘုရား၏ အေးရိပ်ဆာယာ အောက်သို့ ရောက်ရှိလာကြသူ ရဟန်းရှင်လူ ပြည်သူခပင်းတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ မြင်ကြားသိသမျှ အလုံးစုံ တို့မှာ မကောင်းမှုအကုသလတို့ ကင်း၍ ကောင်းမှုကုသိုလ်နှင့် ယှဉ်သော ဝမ်းမြောက်ပီတိတို့ ဖြစ်ပေါ်နေသည့် အသွင် သဏ္ဌာန်တို့ကသာ လွှမ်းခြုံလျက် ရှိသည်။ တစ်ဖန် ငြိမ်သက်အေးချမ်းခြင်း ဟူသော သန္တရသနှင့်အတူ ဖြစ်ပေါ်နေ သည့် အံ့ဩခြင်းဟူသော အဗ္ဘုတရသကို လည်း ခံစားရပြန်လေသည်။