ထိုင်းနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် OTOP ဆက်နွှယ်မှုနှင့် မြန်မာနိုင်ငံ၏ OVOP နှင့် MSME ဖွံ့ဖြိုးတိုးတက်မှု
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအနက် စီးပွားရေးတိုးတက်မှု မြင့်မားလာသောနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေးကဏ္ဍတွင် စိုက်ပျိုးရေးသည် GDP ၏ ၁၂ ရာခိုင်ခန့်၊ စက်မှုလုပ်ငန်းသည် ၄၄ ရာခိုင်နှုန်းခန့်နှင့် ဝန်ဆောင်မှုလုပ်ငန်းသည် ၄၄ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိသည်ကိုတွေ့ရသည်။ သဘာဝအရင်း အမြစ်များအနေဖြစ် သံရိုင်း၊ ရော်ဘာ၊ သဘာဝ ဓာတ်ငွေ့၊ တန်စတင်၊ သစ်၊ ခဲနှင့် ငါးတို့အများဆုံးထွက်ရှိပြီး မြေဧရိယာ၏ ၃၁ ရာခိုင်နှုန်းကို စိုက်ပျိုးရေးအတွက် အသုံးပြုသည်။ ခရီးသွားလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ စိုက်ပျိုးရေးကုန်စည်များထုတ်လုပ်မှု၊ ဘိလပ်မြေ၊ ရတနာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ကားအစိတ်အပိုင်းများထုတ်လုပ်ခြင်းတို့ကို အဓိကလုပ်ကိုင်လျက်ရှိပြီး လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာပစ္စည်းများ၊ ယာဉ်နှင့်အစိတ်အပိုင်းများ၊ အထည်၊ဖိနပ်၊ရေထွက်ပစ္စည်းများ၊ဆန်နှင့် ရော်ဘာတို့ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။