နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒုတိယတစ်လတာခရီး
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် မတ်လ ၂ ရက် မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းဖြင့် ဒုတိယတစ်လ တာ၏ နိုင်ငံတကာဆက်ဆံရေးအခြေ အနေသည် တိုးတက်ကောင်းမွန်ခြင်းသို့ ဦးတည်ခဲ့ပါသည်။ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများနှင့်အာဆီယံအတွင်းရေး မှူးချုပ်တို့ တက်ရောက်ကြသည့် အဆိုပါ အစည်းအဝေးအတွင်း ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုအခြေ အနေနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှု ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့ဆက် ဆောင်ရွက်မည့် ဦးစားပေး အစီအစဉ်များ၊ ပြည်သူများ၏ လုံခြုံမှုအတွက် တရားဥပဒေစိုးမိုးမှုရှိရေး ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေ များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်းများ စိစစ်နေသည့် အခြေအနေတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။