Skip to main content
Submitted by moiuser2 on 25 June 2026

နေပြည်တော် ဇွန် ၂၅

ပြည်ထောင်စုနယ်မြေနေပြည်တော်ကို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် စိမ်းလန်းစိုပြည်သောမြို့(Green City)၊ သန့်ရှင်းသောမြို့(Clean City)နှင့် ခေတ်မီနည်းပညာအခြေပြုမြို့ပြ(Smart City)အဖြစ် ဘက်စုံကဏ္ဍစုံမှ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိပြီး နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate)ကိုလည်း မြို့တော်အဝင် အထင်ကရအမှတ်အသားဖြစ်စေရန်၊ မြို့တော်အတွင်းသို့ ဝင်ရောက်လာသူများကို မင်္ဂလာရှိစွာကြိုဆိုရန်၊ နိုင်ငံ၏ မြို့ပြဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်နိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအား ထိန်းသိမ်းဖော်ပြရန် စသည့်ရည်ရွယ်ချက်များဖြင့် တည်ဆောက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတများဖြစ်ကြသည့် ဦးမင်းအောင်လှိုင်သည် ဦးညိုစော၊ ဒေါ်နန်းနီနီအေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်မြို့အဝင်မုခ်ဦး တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား ရှင်းလင်းဆောင်ခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က နေပြည်တော်မြို့အဝင်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မြို့အဝင်မုခ်ဦး တည်ဆောက်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် ယာဉ်များသွားလာမှုမပျက်စေရေး ရှောင်ကွင်းလမ်း(By Pass)များ စနစ်တကျဖောက်လုပ်ပေးရန်၊ မုခ်ဦးအား မြန်မာမှုလက်ရာများဖြင့် ခမ်းခမ်းနားနား စနစ်တကျတည်ဆောက်သွားရန်၊ လမ်းများအား ထောင့်ချိုးများအနည်းဆုံးဖြင့် တည်ဆောက်သွားရန်၊ မုခ်ဦးအဆောက်အဦအား ငလျင်ဒဏ်ခံနိုင်စေရေးနှင့် ခိုင်မာလှပ သေသပ်စွာဆောင်ရွက်ရန်၊ အများပြည်သူများ အပန်းဖြေနေရာများနှင့် ကားရပ်နားရန် နေရာများကိုလည်း စနစ်တကျထည့်သွင်း တည်ဆောက်သွားရန်၊ လိုအပ်ပါက လူကူး Underpass များ ထည့်သွင်းလျာထား ဖောက်လုပ်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် နေပြည်တော်မြို့အဝင်မုခ်ဦး တည်ဆောက်နေမှုလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်