Skip to main content

အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝခရီးသွားလုပ်ငန်းများ ဖော်ဆောင်လျက်ရှိ

မိုးညှင်း ဒီဇင်ဘာ ၂၉

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေတိုးပွား လာစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သင်ကြားပေး

ထိုသို့ဆောင်ရွက်ရာတွင် အင်းတော်ကြီးမြို့ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လုံးစန့်၊ လယ်ပုံလေး၊ တုံစံခ စသည့် ကျေးရွာသုံးရွာမှ Community Based Tourism အဖွဲ့ဝင်များ၊ အင်းချစ်သူလူမှု ဖွံ့ဖြိုးရေးနှင့် သဘာဝအခြေခံ ခရီးသွားအဖွဲ့မှအဖွဲ့ဝင်များ စုစုပေါင်း ၁၂ ဦးအား ဒီဇင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ သင်တန်း အပိုင်း(၁)ကို သင်ကြားပေး ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်မှ ၂၁ ရက်အထိ သင်တန်းအပိုင်း(၂)ကို Zoom Online Training နှင့်အတူ ကွင်းဆင်းပြီး ခရီးသွားလမ်းကြောင်း ရေးဆွဲခြင်းများကိုပါ သင်ကြားပေးခဲ့ကြောင်း သိရသည်။

နန့်မွန်းနှင့် အင်းတော်ကြီးနေရာ နှစ်နေရာတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ သီအိုရီများ၊ ဆင်ခေါင်းတောင်၊ ရွှေမဉ္ဇူဘုရားအနီးတစ်ဝိုက်နှင့် လွဲမွန်အနီးတစ်ဝိုက်တွင် ခရီးသွားလမ်းကြောင်းရေးဆွဲရန်အတွက် အဖွဲ့သုံးဖွဲ့ခွဲပြီး အဖွဲ့လိုက် လေ့ကျင့်ခဲ့ကြောင်း၊ အဆိုပါ လမ်းကြောင်းများ တွင် တွေ့မြင်နိုင်သော လေ့လာစရာများ၊ ဇီဝမျိုးစုံမျိုးကွဲများ နှင့် သွားလာနိုင်သောနည်းလမ်းများကို ခရီးစဉ်ရေးဆွဲရေး လက်တွေ့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်ထွေး(ပြန်/ဆက်)