Skip to main content

ရန်ကုန်-မကွေး-စစ်တွေ ကျွန်းပတ်လေယာဉ်ခရီးစဉ်များကို ဇန်နဝါရီလလယ်မှစ၍ ပြေးဆွဲမည်ဖြစ်ပြီး ရောက်ရှိ၊ ထွက်ခွာ ခရီးသည်များအတွက် စည်းကမ်းများ သတ်မှတ်ထား

မကွေး   ဒီဇင်ဘာ   ၂၉

ကိုဗစ်ဒုတိယအကျော့ကာလတွင် ရက်ပေါင်း ၉၀ ခန့်ကြာ ရပ်နားထားသည့် ရန်ကုန်-မကွေး-စစ်တွေ ကျွန်းပတ်လေယာဉ် ခရီးစဉ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်ခန့်မှစ၍ ပြန်လည် ပြေးဆွဲရန် လျာထားပြီး မကွေးမြို့သို့ ရောက်ရှိလာသူများနှင့် မကွေးမြို့မှ ထွက်ခွာမည့်ခရီးသည်များ အတွက် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများ သတ်မှတ်ထားကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) မကွေးကိုယ်စားလှယ်ထံမှ သိရသည်။ 

Stay at Home နေရာမှ မကွေးသို့လာလျှင် Home Quarantine ခုနစ်ရက်ဝင်ရမည်ဖြစ်ပြီး မကွေးမှ ခရီးသည်များမှာ ထွက်ခွာမည့် အချိန်ထက် နှစ်ရက်စော၍ မကွေးမြို့ မကြီးကန်ကျေးရွာအနီးရှိ   ကိုဗစ် စစ်ဆေးရေးအခြေစိုက်နေရာ၌ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ကျန်းမာရေး စစ်ဆေးရမည်ဖြစ်ကြောင်း၊ ခရီး မထွက်ခွာမီ ၃၆ နာရီအတွင်း ပိုးကင်းစင်ကြောင်း အဖြေထွက်မှ လေယာဉ်စီးခွင့်ပြုမည်ဖြစ်ကြောင်း စည်းကမ်းများ သတ်မှတ်ထားသည်။

ခရီးစဉ်နဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရကို တင်ပြပါတယ်။ တိုင်းဒေသကြီးအစိုးရက ကျန်းမာရေးနဲ့ညှိနှိုင်းပြီး ခွင့်ပြုပါတယ်။ လုပ်ဆောင်မယ့် အခြေအနေတွေကိုလည်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရုံးချုပ်ကို တင်ပြထား ပြီးပါပြီ။                                

ဆိုက်ရောက်ထွက်ခွာ ခရီးသည်အားလုံးကို   သတ်မှတ်စည်းကမ်းနဲ့အညီ စနစ်တကျ စစ်ဆေး မှာပါ ဟု မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA)   မကွေးကိုယ်စားလှယ်  ဦးစံထွေး က ပြောသည်။

အရေးပေါ်အခြေအနေအရ ကြိုတင် လက်မှတ်မဝယ်ဘဲ Go Show စီးမည့်သူများ အနေဖြင့် လေယာဉ်ကွင်းချိန်းကို သုံးနာရီစော၍ လာရန်လိုအပ်ပြီး RDT Test Kit ဖြင့် စစ်ဆေးမှု အောင်မြင်မှ     လိုက်ပါခွင့်ရမည်ဖြစ်ကြောင်း၊ ခရီးစဉ်နှင့်ပတ်သက်၍ လိုအပ်ချက်အရ ဆက်သွယ်နိုင်ရန် Immigration Arrival Form တွင် ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာ  အတိအကျ ဖြည့်ရမည်ဖြစ်ကြောင်း သိရသည်။

စစ်ဆေးခက  ဝန်ထမ်းဆိုရင်  ကုန်ကျ စရိတ်မရှိဘူး။ ပုံမှန်ခရီးသည်ဆိုရင် RDT စစ်ဆေးခ ငွေကျပ် တစ်သောင်းကျမယ်။ မကွေးကို ရောက်လာတဲ့ခရီးသည် Home Quarantine ဝင်နေတုန်း ဖျားနာလို့ တို့ဖတ်ပို့ရမယ် ဆိုရင် ငွေကျပ် ငါးသောင်းလို့ သိရပါတယ်။ နိုင်ငံခြားသားနဲ့ NGO / INGO  အတွက်လည်း သတ်မှတ်ချက်တွေ  ရှိပါတယ် ဟု ဦးစံထွေး က ပြောသည်။

လေယာဉ်ခရီးစဉ်များကို ယခင်က ရက်သတ္တတစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ သုံးရက်ပြေးဆွဲခဲ့သော်လည်း ယခုအကြိမ်တွင် မည်မျှပြေးဆွဲမည်ကိုမူ ညွှန်ကြားချက် မရသေးကြောင်း၊ ပုံမှန်ပြေးဆွဲစဉ်က ရန်ကုန်-မကွေး အသွားအပြန်ခရီးစဉ်တွင် ပျမ်းမျှခရီးသည် ၂၀ ခန့် အတင်အချရှိပြီး မကွေး-အမ်း- စစ်တွေလမ်းကြောင်း၌ အသွားအပြန် ၃၀ ခန့် ရှိကြောင်း မကွေးလေကြောင်းလိုင်း ကိုယ်စားလှယ်ထံမှ သိရသည်။

ဇေယျတု (မကွေး)