ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တစ်နေ့တခြား ကျဆင်းလာမှုနှင့်အတူ ကုသရေးစင်တာများနှင့် Quarantine စင်တာများတွင်လည်း ပိုးတွေ့လူနာများ၊ ရောဂါရှိသူနှင့် ထိတွေ့သူများ လျော့ပါးလာခဲ့ပြီဖြစ်ရာ ကုသရေးစင်တာတချို့ပင် ပိတ်သိမ်းမှုများ ရှိနေခဲ့ပြီဖြစ်သည်။
ထိုသို့ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကျဆင်းလာခြင်း၊ ကုသရေးစင်တာတချို့ ပိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထား သည်များကို တင်ပြလိုက်ရပါသည်။
မေး ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတချို့ ပိတ်သိမ်းတယ်လို့သိရပါတယ်။ ဒီလိုပိတ်သိမ်းရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ ။ ။ အခုလ ဒီဇင်ဘာ ၂၆ ရက်နေ့အထိဆိုရင် အရပ်ဘက်မှာရှိတဲ့ ကုသရေးစင်တာ ၁၅ ခုထဲက ယဉ်ကျေးမှုတက္ကသိုလ်ဆိုရင် လူနာ တစ်ယောက်မှ မရှိတော့ဘူး။ ဒေသန္တရဗိမာန်၊ ရန်ကင်းစင်တာတွေမှာလည်း လူနာမရှိသလောက် ဖြစ်သွားပြီ။ ဒါတွေက ပိတ်ရတဲ့အခြေအနေကို ရောက်လာ တာပါ။ ဒီနေ့ဆိုရင် လူနာ ၃၈၆၁ ဦးပဲ ရှိတယ်။ ရန်ကုန်တိုင်း ထဲက ဆေးရုံ ၄၆ ရုံအပါအဝင်ဆိုရင် ၈၈၄ ဦးရှိတယ်။ အရင်က လူဦးရေ သောင်းကျော်ရှိရာကနေ အခုဆို ဒီလောက် အထိ ထိုးဆင်းသွားတယ်။
တပ်မတော်ဘက်မှာဆိုရင်လည်း ကိုဗစ်-၁၉ ရောဂါ ကုသရေးနေရာ ခုနစ်နေရာရှိပါတယ်။ အဲဒီဘက်မှာ ခုတင် ၆၄၀ ရှိတယ်။ အားလုံးပေါင်း လိုက်ရင် ရန်ကုန်တစ်တိုင်းလုံး မှာ အတည်ပြုလူနာ ၅၃၈၅ ဦးရှိပါတယ်။ အတည်ပြုလူနာ ထားနိုင်တဲ့ ပမာဏရဲ့ သုံးပုံတစ်ပုံလောက်ပဲ လူနာက ရှိပါ တော့တယ်။ လူနာနည်းတယ်ဆိုရင် ပိုပြီးဝန်ဆောင်မှုပေးနိုင် အောင်၊ ကုသမှုပေးနိုင်အောင် တချို့ကုသရေးစင်တာတွေက ပေါင်းဖြစ်သွားတာပေါ့။ ဒါကကုသရေးစင်တာတွေရဲ့ ပိတ်သိမ်းရတဲ့အကြောင်းအရင်း အခြေအနေဖြစ်ပါတယ်။
မေး ။ ။ Quarantine စင်တာတွေမှာ လူနာတွေကို စောင့်ရှောက်ဖို့မဖြစ်နိုင်တော့လို့ ပိတ်သိမ်းရတော့မယ်ဆိုတဲ့ အသံတွေလည်း ကြားနေရပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။
ဖြေ ။ ။ Quarantine စင်တာတွေအနေနဲ့ ပြောရမယ်ဆိုရင် Quarantine ထားတာက အဓိကအားဖြင့် ဆောင်ရွက်တာ နှစ်နေရာရှိပါတယ်။ တစ်ခုက ဟိုတယ် Quarantine ၊ နောက်တစ်ခုက Facility Quarantine ဆိုပြီး ရှိပါတယ်။ ဟိုတယ် Quarantine မှာဆိုရင် ဟိုတယ် ၅၇ ခုမှာ လူဦးရေ ၁၃၀၀ကျော်ပဲ ရှိတော့တယ်။ Facility Quarantine ၂၃ ခုမှာဆိုရင် လူဦးရေ ၈၀၀ ကျော်ပဲ ရှိတော့တယ်။ အခုဆို Quarantine စင်တာတွေမှာ လူဦးရေ ၂၀၀၀ ကျော်ပဲ ရှိတော့တယ်။ Quarantine စင်တာတွေကို ပိတ်လိုက်တာတော့ မဟုတ်ဘူး။ Quarantine မှာ ဝင်တဲ့လူဦးရေက လျော့နည်းလာတယ်။ ဒီအခြေအနေကြောင့်ပါပဲ။
ဒီနေရာမှာ Community Based Facility Quarantine တွေ မြို့နယ်တွေမှာ ရှိသေးတယ်။ မြို့နယ်ကိုဗစ်ကော်မတီ တွေရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်နေတဲ့ ဒီဟာတွေကလည်း ဒီနေ့အထိဆိုရင် ရန်ကုန်တစ်တိုင်းလုံးမှာ ၁၆၃ ခု ရှိနေပါ သေးတယ်။ အဲဒီမှာ Quarantine ဝင်နေတဲ့သူတွေက ပိုးတွေ့ လူနာနဲ့ ထိတွေ့ခဲ့တဲ့သူတွေ ၂၅၇၉ ဦး ရှိနေပါတယ်။ အနံ့ ပျောက်စင်တာတွေဆိုလည်း ရာကျော်ရှိရာကနေ အခုဆိုရင် ၅၃ နေရာပဲ ရှိတော့တယ်။ လျော့လာပြီ။ အဲဒီ အနံ့ပျောက် စင်တာ ၅၃ ခုမှာ လူနာက အခုဆို ၂၅၇ ဦးပဲရှိတော့တယ်။ လူနာတွေကို စောင့်ရှောက်ဖို့ မဖြစ်နိုင်တော့လို့ Quarantine စင်တာတွေပိတ်တော့မယ်ဆိုတာ မဟုတ်ပါဘူး။
မေး ။ ။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေကို သိချင်ပါတယ်။
ဖြေ ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုက လျော့ကျသွားတယ်။ သေဆုံးမှုနှုန်းကလည်း ကျဆင်းသွားပါတယ်။ ကူးစက်မှုလည်း ကျဆင်းသွားတဲ့ အခြေအနေကြောင့် Quarantine စင်တာတွေ မှာလည်း အနီးကပ်ထိတွေ့သူတွေ ဝင်ရောက်တာတွေ လျော့နည်းသွားပါတယ်။ ကုသရေးစင်တာ တွေဆိုရင်လည်း ပိုးတွေ့လူနာတွေ တဖြည်းဖြည်း လျော့ကျလာပါတယ်။ လျော့ကျလာတဲ့ အခြေအနေကိုကြည့်ရင် အရင်က ရန်ကုန်တိုင်းက တစ်နိုင်ငံလုံးရဲ့ ၉ဝ ရာခိုင်နှုန်းလောက်က ရောဂါကူးစက်မှုပိုးတွေ့ရှိရတဲ့ အခြေအနေကနေ အခုဆိုရင် တစ်နိုင်ငံလုံးရဲ့ ၆၉ ရာခိုင်နှုန်း ကူးစက်မှုပဲရှိပါတော့တယ်။
အကြောင်းရင်းကတော့ ရန်ကုန်တိုင်းက ကူးစက်မှုလျော့ကျ သွားတာလည်းပါသလို လက်ရှိမှာ တခြားပြည်နယ်နှင့်တိုင်းက ရောဂါကူးစက်မှု နှုန်း များလာတာကြောင့်လည်း ပါပါ တယ်။ အခုဆိုရင် တခြားတိုင်းနဲ့ ပြည်နယ်တွေက ၃၁ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းက ၆၉ ရာခိုင်နှုန်း ရှိပြီဖြစ်ပါတယ်။ ကိန်းဂဏန်းအရပြောရရင်တော့ ဒီဇင်ဘာ ၂၃ ရက်အထိ စာရင်းဇယားတွေအရ ပိုးတွေ့လူနာက တစ်နိုင်ငံလုံးမှာ ၁၁၈၈၆၉ ဦးဖြစ်ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းက ၈၁၆၆၀၊ တခြားပြည်နယ်နဲ့ တိုင်းတွေက ၃၇၂၀၉ ဦး ရှိပါတယ်။
ရန်ကုန်တိုင်းအနေနဲ့ ပိုးတွေ့ရှိမှုနှုန်းသာမက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုမှာလည်း နှစ်ပတ်အတွင်း လျော့ကျ သွားတာတွေ တွေ့ရှိရပါတယ်။
မေး ။ ။ အခုလို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းသွားရတဲ့ အကြောင်းရင်းကိုလည်း သိချင်ပါတယ်။
ဖြေ ။ ။ ကျွန်တော်တို့ နဂိုကလည်း ပြောနေပါတယ်။ ဆောင်းရာသီကို ဝင်လာတော့မယ်ဆိုရင် ဗိုင်းရပ်စ်တွေက ကူးစက်ပြန့်ပွားမှုတွေ များလာမယ်။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ညွှန်ကြားထားတာရှိတယ်။ ဒါနဲ့ တစ်ဆက်တည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကလည်း မျက်ခြည်မပြတ် ပြည်သူ့ကျန်းမာရေး လုပ်ငန်း တွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ ညွှန်ကြားတာတွေ ရှိပါတယ်။ တောက်လျှောက် ညွှန်ကြားတဲ့ အခါကျတော့ ရန်ကုန်တိုင်းဆိုတာ လူဦးရေထူထပ်တဲ့ အပြင် စီးပွားရေး မြို့တော်လည်း ဖြစ်တယ်။ ဆေးကုသတဲ့ အဆင့်မီဆေးရုံကြီး တွေကလည်း ရန်ကုန်မှာ အများဆုံးရှိကြပါတယ်။ ကူးစက်မှု ကလည်း လူဦးရေထူထပ်တဲ့အတွက် သဘာဝအလျောက် ကျွန်တော်တို့ကအများဆုံး။ တစ်နိုင်ငံလုံးရဲ့ ကိုဗစ်ကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ရန်ကုန်ကိုထိန်းချုပ်နိုင်မှရမယ်။ အဲဒါကြောင့် ရန်ကုန်မှာ အရှိန်မြှင့်ပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ အဲဒီလို အရှိန်မြှင့် ဆောင်ရွက်တဲ့အခါမှာ နိုဝင်ဘာ ၁၅ ရက်ကစပြီး လူထု လှုပ်ရှားမှုကြီးတစ်ခု အစပျိုးခဲ့တယ်။ လူစည်ကားရာနေရာတွေမှာ နှာခေါင်းစည်းတပ်ဖို့၊ မျက်နှာအကာတပ်ဖို့ ကမ်ပိန်းလုပ်တယ်။ အခမဲ့ပေးဝေတယ်။ လက်ကိုင်စပီကာတွေနဲ့ ကျန်းမာရေး အသိပညာပေးတွေ လုပ်ပါတယ်။ လက်ကမ်း စာစောင်တွေဝေတယ်။ အဲဒီလိုဆောင်ရွက်ရင်း နှစ်ပတ်ကျော်တဲ့အခါမှာ ရောဂါကူးစက်မှု သိသိသာသာကျ ဆင်းလာတာ တွေ့ရပါတယ်။
ကျန်းမာရေးအသိပညာပေးတွေ အရှိန်မြှင့် ဆောင်ရွက်ရင်း ပြည်သူလူထုက အထိုက်အလျောက် လိုက်နာ လာတာ တွေ့ရတယ်။ အရင်က ထက်စာရင် နှာခေါင်းစည်း တပ်လာကြတယ်။ လူအုပ်စုလုပ်ရမှာလည်း ကြောက်လာကြ တယ်။ ပြည်သူလူထုက လိုက်နာလာကြတဲ့အတွက် ရောဂါ ကူးစက်မှု ကျဆင်းလာတယ်လို့ သုံးသပ်လို့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ဖို့ကတော့ ပြည်သူ လူထု အစွမ်းကုန်လိုက်နာမှရမယ်။ နှာခေါင်းစည်းတပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ ဒါတွေကိုလိုက်နာဖို့ တစ်ဦးကိုတစ်ဦးလည်း သတိပေးပါ။ အသိပေးပါ။ ဒါကို ထပ်ကာတလဲလဲ အမူအကျင့်ပြောင်းလဲတဲ့အထိ ဆောင်ရွက် လိုက်ကြမယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ကျတဲ့ အခြေအနေကနေ ဖြတ်တောက်နိုင်တဲ့ အခြေအနေအထိ ရောက်လာမယ်လို့ မျှော်မှန်းပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှုက အားကောင်းဖို့လိုပါတယ်။ ရောဂါပိုးကူးစက်မှုကျဆင်းတဲ့ အကြောင်းအရင်းကို ပြောရင်တော့ ပြည်သူလူထု ပူးပေါင်း ပါဝင်လို့ ကျဆင်းတယ်လို့ သုံးသပ်ရမှာပါ။
မေး ။ ။ ဖြည့်စွက်ပြောကြားစရာရှိရင် ပြောကြားပေးပါ။
ဖြေ ။ ။ ကိုဗစ်-၁၉ ကာကွယ်ဆေး ရခဲ့ရင်တောင် ကိုဗစ်-၁၉ရောဂါက ကမ္ဘာပေါ်ကနေ ပျောက်သွား မယ့်အခြေအနေမရှိသေးပါဘူး။ ရာသီတုပ်ကွေးလိုပဲ ကိုဗစ်နဲ့အတူ နေထိုင်သွားကြမယ့် အခြေအနေတွေလည်းပဲ ရှိနေပါတယ်။ ကိုဗစ်ကလည်း ကျွန်တော်တို့ဘေးနားမှာ ရှိနေတယ်။ နေထိုင်မှုပုံစံကလည်း အရင်အတိုင်း ပဲဆိုရင်မရဘူး။ မရဘူးဆိုတော့ New Normal Life Style နဲ့ နေသွား ကြရတော့မယ်။ အရင်လူနေမှု ပုံစံအတိုင်းသွားနေကြမယ် ဆိုရင် ရောဂါကူးစက်မှုက မြင့်မားနေဦးမှာ ဖြစ်ပါတယ်။ ဘေးနားမှာတော့ ကိုဗစ်ပိုးကရှိတယ်။ ဒီရောဂါပိုး ကူးစက် မခံရအောင် လူနေမှုပုံစံအသစ်နဲ့ သွားကြရတော့မယ်။ ဒါ ကျွန်တော်တို့ရဲ့ New Normal Life Style ပါပဲ။
New Normal Life Style ထဲမှာ အဓိကအချက်က သုံးချက်ပဲပါတယ်။ နှာခေါင်းစည်းတပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ အဲဒီအထိရောက်တဲ့ အချိန်ကျမှ ကျွန်တော်တို့ ရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပုံမှန်လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ် တော့ မယ်ဆိုရင် ကိုဗစ်ကလည်း အနားမှာရှိနေတယ်။ အလုပ်တွေ ရပ်ထားရမယ်ဆိုတာ မဟုတ်ဘူး။ ကိုဗစ်ကိုရင်ဆိုင်ဖို့ New Normal နဲ့ သွားကြရတော့မယ်။ နှာခေါင်းစည်းတပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေမယ်။ ဒါကိုအားလုံးက အလေ့ အထကောင်းတွေ ရှိနေပြီဆိုရင်တော့ New Normal Life Style နေသွားကြမယ်။ ပြည်သူလူထု အမူအကျင့်ပြောင်းလဲ ရေးထိ ဆောင်ရွက်နေပါတယ်။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
ဒေါက်တာထွန်းမြင့်
တွေ့ဆုံမေးမြန်း - သီသီမင်း၊ မင်းသစ်(MNA)
ဓာတ်ပုံ - ဥဂ္ဂါဖြိုး