Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ADB ချေးငွေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်နေသော အိန္ဒု-ကော့ကရိတ်လမ်းနှင့် ဂျိုင်း(ကော့ကရိတ်) တံတားစီမံကိန်းတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့တွင် နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ အရှေ့အနောက် စီးပွားစင်္ကြံန် လမ်းမပေါ်တွင် ADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်နေသော အိန္ဒု- ကော့ကရိတ်လမ်း စီမံကိန်းလုပ်ငန်း စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ Project Management Unit မှ အင်ဂျင်နီယာချုပ် ဦးအောင်မျိုးဦးက အကျဉ်းချုပ်ရှင်းလင်းပြီး တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက် အလက်များ၊ လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုအခြေအနေများ၊ ကြုံတွေ့ရ သော အခက်အခဲများကို ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်ချက်များကို စနစ်တကျ မှတ်တမ်းတင်ထားရှိရန် Road Furniture နှင့် အပြီးသတ်လုပ်ငန်းများ၊ Road Safety အတွက် သေချာစွာ ဆောင်ရွက်သွားရန် မှာကြားပြီး အိန္ဒု-ကော့ကရိတ်လမ်းအား ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ၃၈ ကီလိုမီတာအနီး Improved Subgrade ကို စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုကို လည်းကောင်း၊ ၅၆ ကီလိုမီတာအနီး ကတ္တရာကွန်ကရစ် Wear Course ခင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကတ္တရာ ခင်းရာတွင် လမ်းအကွေ့များ ၌ Super−elevation မှန်အောင်ဆောင်ရွက်သွားရန် မှာကြားသည်။

အိန္ဒု-ကော့ကရိတ်လမ်းစီမံကိန်း သည် အိန္ဒုမှ ကော့ကရိတ်အထိ ၆၄ ဒသမ ၇၄ ကီလိုမီတာ အရှည်ရှိပြီး ၁၀ မီတာ အကျယ် နှစ်လမ်းသွား ကတ္တရာကွန်ကရစ်(AC) လမ်းအဖြစ် အဆင့်မြှင့်တင်လျက်ရှိရာ ယခုအခါ ကတ္တရာကွန်ကရစ်လုပ်ငန်းမှာ ၈၉ ရာခိုင်နှုန်း၊ Box Culvert ၈၆ စင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ၉၈ ရာခိုင်နှုန်း၊ Pipe Culvert ၁၄ စင်း တည်ဆောက်ခြင်း ၈၆ ရာခိုင်နှုန်းနှင့် တံတား ၁၈ စင်း တည်ဆောက်ခြင်း ၁၀၀ ရာခိုင်နှုန်းပြီးစီး၍ မြေသားလုပ်ငန်းမှာ လေးကီလိုမီတာ ကျန်ရှိရာ စီမံကိန်းတစ်ခုလုံး၏ ၈၄ ဒသမ ၃၇ ရာခိုင်နှုန်း ပြီးစီးပြီကြောင်း၊ စီမံကိန်း လုပ်ငန်းများကို ADB ချေးငွေ၊ အမေရိ ကန်ဒေါ်လာ ၅၉ ဒသမ ၃၇ သန်းဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် မေလကုန်တွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အဆိုပါလမ်းပေါ်တွင် JICA ODA ချေးငွေဖြင့် တည်ဆောက်နေသော ဂျိုင်း(ကော့ကရိတ်) တံတားသစ် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားနှင့် ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းခဲ့ပြီး တာဝန်ရှိသူများက တံတားဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက တံတားသည် နည်းပညာအဆင့်မြှင့် တည်ဆောက်သော တံတားဖြစ်၍ နည်းပညာလွှဲပြောင်းရရှိရေး ဆောင်ရွက်သွားရန် ပြောကြားပြီး စီမံကိန်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ဂျိုင်း(ကော့ကရိတ်)တံတားသစ်သည် အရှည်မီတာ ၅၈၀၊ အကျယ် ၂၂ ဒသမ ၆၉ မီတာ၊ လေးလမ်းသွား တံတားဖြစ်ပြီး ပင်မတံတားမှာ သုံးခန်း တွဲ ကြိုတင်အားဖြည့် သံကူ ကွန်ကရစ် ကြိုးဆိုင်းတံတား (Extra-dosed Bridge) အမျိုးအစားဖြစ် ကြောင်း၊ တံတားတည်ဆောက်မှု ၃၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်