Skip to main content

(၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

(၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းနှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ငုယင်ကွစ်ဇွန်းတို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီးအဆိုပါ ဆွေးနွေးပွဲသို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး မစ္စတာ လီကွတ်ဝ်သွမ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန တို့မှ အဆင့်မြင့်အရာရှိကြီးများ ပါဝင် တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ လက်ရှိ ပြည်တွင်း နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ ရခိုင် ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့်သတ္တုတူးဖော်ရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောကဏ္ဍအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံအကြားထူထောင်ထားရှိသည့် ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက် ဆက်ဆံရေးမှ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ တိုးမြှင့်သွား နိုင်မည့် အလားအလာ၊ လာမည့်နှစ် တွင် နှစ်နိုင်ငံ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်စီစဉ်သွားနိုင်ရေး၊ အာဆီယံ၊ စီအယ်လ်အမ်ဗွီ၊ အက်မက်စ် နှင့် အခြားမဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်များနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာ တို့တွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြ သည်။

သတင်းစဉ်