နေပြည်တော် ဒီဇင်ဘာ ၂၇
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင် မြို့ရှိ ငါး၊ ပုစွန်ဈေးဧရိယာတွင် လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေမှု အခြေအနေအရ ယင်းဧရိယာနှင့် ဆက်စပ်နေထိုင် အလုပ် လုပ်ကိုင်လျက်ရှိကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ အသွားအလာ ကန့်သတ်ခံနေရ သည့် ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက်က ၎င်းတို့အား အသွားအလာ ကန့်သတ်ပိတ်ပင်ထားရှိသော နေရာသို့ ကွင်းဆင်းသွားရောက်ခဲ့ပြီး အားပေး စကားပြောကြား ခြင်း၊ အစား အသောက်များ ထောက်ပံ့ပေးခြင်းနှင့် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ထိရောက်စွာ ရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။
မြန်မာသံရုံး၊ ဗန်ကောက်မြို့နှင့် အလုပ်သမားသံအရာရှိရုံးတို့မှ တာဝန်ရှိသူများအနေဖြင့် ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် အမြဲမပြတ်ဆက်သွယ်ကာ လိုအပ်သည့် ကူညီထောက်ပံ့ ပေးမှုများကို အချိန်နှင့်တစ်ပြေးညီရရှိရေး ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက ဒီဇင်ဘာ ၂၄ ရက်က စမုစခွန်ခရိုင် အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့အား သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာသံရုံး၊ မြန်မာအလုပ်သမား သံအရာရှိရုံး၊ အသွားအလာ ကန့်သတ်ထားရှိရာနေရာရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်းဘက်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများအကြား ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်အတွက် စကားပြန်များထားရှိပေးရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် မြန်မာရွှေ့ပြောင်း အလုပ် သမားများအား သီးခြားနေရာတွင် ခွဲခြားထားပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုး ပေးရေးနှင့် ၎င်းတို့အား ပိုမိုကောင်းမွန် ထိရောက်သည့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု များ ထောက်ပံ့နိုင်ရန် အတွက် ထိုင်းဘက်နှင့် ဆွေးနွေး ညှိနှိုင်းလျက်ရှိသည်။
ထို့ပြင် စမုစခွန်ခရိုင်ရှိ အလုပ်ရှင်က မြန်မာအလုပ်သမား ၁၈ ဦးအား စမုပရာကန်ခရိုင်တွင် လာရောက်စွန့်ပစ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်နှင့် တစ်ပြိုင်နက် မြန်မာအလုပ်သမား သံအရာရှိ များက ဒီဇင်ဘာ ၂၄ ရက်က စမုပရာကန်ခရိုင်အလုပ် အကိုင်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ မြန်မာအလုပ်သမား များထံ သွားရောက်တွေ့ဆုံအားပေး ခြင်းတို့ ပြုလုပ်ပေးခဲ့ပြီး ၎င်းတို့အား စောင့်ရှောက်ထားရှိမှု၊ နေထိုင် စားသောက်မှု၊ ကျန်းမာရေးစစ်ဆေးမှု စသည်တို့ကို လေ့လာစိစစ်လျက် လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ သည်။ အဆိုပါ မြန်မာအလုပ်သမား ၁၈ ဦးသည် ပထမအကြိမ် ဆေးစစ် ချက်အရ Negative အဖြေရရှိပြီး ဖြစ်ကြောင်းနှင့် မြန်မာ သံရုံးအနေဖြင့် အလုပ်သမားသံအရာရှိရုံးနှင့် ညှိနှိုင်း ပူးပေါင်းလျက် ၎င်းတို့ ထိုင်းနိုင်ငံ အတွင်း ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ရှိ ငါး၊ ပုစွန်ဈေး ဧရိယာတွင် လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနေမှု ဖြစ်စဉ်နှင့် ဆက်စပ်လျက်ရှိသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ (ရောဂါကူးစက်ခံနေရသူများ၊ အသွားအလာ ကန့်သတ်ခံနေရသူများ အပါအဝင်) အနေဖြင့် ကျန်းမာရေး၊ နေထိုင် စားသောက်ရေးအပါအဝင် စိတ်ပိုင်းဆိုင်ရာ အားဖြင့် ထိခိုက်ခံစားမှုများ မရှိစေရန်ရည်ရွယ်၍ လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်