မြန်မာနိုင်ငံတွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်း တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့မြင်လာရသည်။ အထူးသဖြင့် ရန်ကုန်မြို့၌ လူတစ်ထောင်ကျော် နေ့စဉ်ဖြစ်ပွားနေရာမှ လူသုံးရာကျော်အထိကျဆင်းလာသည်။ ရောဂါ ဖြစ်ပွားမှု လျော့ကျလာသည်နှင့်အတူ ရန်ကုန်မြို့ရှိ ကိုဗစ်စင်တာအချို့ကို အသင့်အနေအထားဖြင့် စတင်ရပ်နားခြင်း၊ နိုင်ငံအတွင်းရှိ မြို့နယ်အချို့မှ ရပ်ကွက်/ကျေးရွာအချို့ကို နေအိမ်တွင် နေထိုင်ရန်အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ပေးခြင်း စသည့်ဖြေလျှော့မှုများ ပြုလုပ် ပေးလာသည်မှာ ဝမ်းသာစရာဖြစ်သည်။
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များကို တိကျစွာ လိုက်နာသဖြင့် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ ထပ်မံ တွေ့ရှိမှု လျော့နည်းလာခြင်း၊ အတည်ပြုလူနာများမှာ တစ်ဦးမှတစ်ဦးသို့ အစုလိုက်ကူးစက်မှု လျော့နည်း လာခြင်း၊ နေအိမ်တွင်သာ နေထိုင်ရေးအစီအစဉ်ဆောင်ရွက်စဉ်ကာလအတွင်း ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများအား သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ ဆက်ဆံခဲ့သူ အားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာယူစစ်ဆေးရာတွင် လွန်ခဲ့သည့် ၁၄ ရက်အတွင်း ထပ်မံတွေ့ရှိမှု လျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ နှီးနွှယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူ လူထုတို့က ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် ခဲ့ခြင်းများကြောင့် ပိုးတွေ့လူနာများ လျော့နည်းကျဆင်းလာခြင်း ဖြစ်သည်။
ယင်းအခြေအနေကောင်းမှ ပိုးတွေ့နှုန်း ပြန်လည်တိုးမလာစေရေး ထိန်းသိမ်းထားရန် လိုအပ်သည့်အပြင် လုံးဝပိုးမတွေ့တော့သည့် အခြေအနေ အထိရောက်အောင် ဆက်လက်ကြိုးပမ်း လက်တွဲပါဝင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ ယခုဖြေလျှော့ပေးလိုက်မှုများသည် မြို့နယ်အချို့မှ ရပ်ကွက်/ ကျေးရွာအချို့မျှသာဖြစ်ပြီး အဓိကကျသည့် မြို့နယ်များနှင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအားလုံး ဖြေလျှော့မှု များရရှိပြီး ပုံမှန် လူမှုစီးပွားဘဝသို့ ရောက်ရှိနိုင်ရန် ဆက်လက်ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။ အဓိကအချက်မှာ လက်ဆေးခြင်း၊ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း လေးမျိုးသာဖြစ်ပြီး ယင်းတို့ကို ပြည်သူအားလုံး လိုက်နာဆောင်ရွက်ခြင်းဖြင့် ပုံမှန်ဘဝသို့ ရောက်ရှိမည် ဖြစ်သည်။
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါသည် ပိုမိုလျင်မြန်သော ကူးစက်နိုင်သည့် အသွင်ပြောင်းဖြစ်စဉ် ဖြစ်ပေါ်နေပြီး အဆိုပါကူးစက်မြန်ကပ်ရောဂါသည် ကမ္ဘာပေါ်တွင် အချိန်ကာလရှည်ကြာစွာ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက ခန့်မှန်းထားသည်။ ထို့ကြောင့် ယခုကဲ့သို့ ရောဂါဖြစ်ပွားမှုကျဆင်းလာအောင် 200 cose:08:32:0005@lo: New Normal Living and New Normal Life နေထိုင်မှု ဓလေ့ အသစ်နှင့် ပုံမှန်ဘဝတွင် နေထိုင်ရင်းမိမိတို့ဘဝများ တိုးတက်ကြီးပွားရေးအတွက် ဆတက်ထမ်းပိုး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
မကြာမီကာလတွင် နှစ်သစ်သို့ ကူးပြောင်းရောက်ရှိတော့မည် ဖြစ်သည်။ နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊ အသွင်သစ်ဖြင့် ဖြတ်သန်းကြပါမှ မိမိတို့၏ဆန္ဒများကို အတတ်နိုင်ဆုံး ဖြည့်စွမ်းပေးခြင်း များ ဖြစ်လာပေလိမ့်မည်။ တစ်နည်းဆိုလျှင် နှစ်သစ်တွင် နေထိုင်မှုပုံစံအသစ်ဖြင့် ဖြတ်သန်း ကြရတော့မည် ဖြစ်သည်။ ယခုအခါတွင် ပြီးခဲ့သည့် ၁၄ ရက်အတွင်းက ပြည်သူအများ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းလိုက်နာခဲ့ကြ၍ ရောဂါဖြစ်ပွားမှု လျော့ကျလာသဖြင့် အချို့နေရာများ၌ ဖြေလျှော့မှုများ စတင်ရရှိလာရာ ရောဂါဖြစ်ပွားမှု သုညအထိ ဆက်လက်ကျဆင်းပြီး နေထိုင်မှု ပုံစံသစ်ဖြင့် ဆက်လက်နေထိုင်ကြလျှင် ပြည်သူများ၏လိုအင်ဆန္ဒများ ပြည့်ဝလာမည် ဖြစ်သည်။
သို့ဖြစ်ရာ မကြာမီကာလတွင် ၂၀၂၁ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိ တော့မည်ဖြစ်သည်။ နှစ်သစ်အကြို ကာလတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနှုန်းလည်း တဖြည်းဖြည်းကျဆင်း လာသည်။ နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊ နေထိုင်မှုဓလေ့အသစ်ဖြစ်သည့် ပါးစပ်နှာခေါင်း စည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ မျက်နှာချင်းဆိုင် စကားပြောခြင်းကိုရှောင်ခြင်း စသည့်ပုံစံ အသစ်ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးကို တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ ။