Skip to main content

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကျေးရွာသုံးထင်းစိုက်ခင်းအား ကြည့်ရှုစစ်ဆေး

မြိုင် ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများသည် မြိုင်မြို့နယ် မြိုင်တောင်ကြိုးပြင် ကာကွယ်တောတွင် စိုက်ပျိုးထားသည့် (၁/၂၀၂၀) ကျေးရွာသုံးထင်းစိုက်ခင်း ဧက ၅၀ အောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး မင်းသားကျရွာသို့ လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်ညနေ ၅ နာရီအချိန်က ကြိုးပြင်ကာကွယ်တောအတွင်း ပြုလုပ်ရာ တက်ရောက်အားပေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်သစ်တော ဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးမိုးဇော်အောင်နှင့် မြို့နယ်သစ်တော ဦးစီးဌာနမှူး ဦးဝေလင်းဖြိုးတို့က ကျေးရွာသုံး ထင်းစိုက်ခင်းစိုက်ပျိုးမှု၊ မီးတားလမ်းဆောင်ရွက်မှု၊ ရေရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးရွာသုံးထင်းစိုက်ခင်း ဧက(၅၀)ကို မင်းသားကျကျေးရွာသို့ လွှဲပြောင်း ပေးအပ်ရာ ကျေးရွာကော်မတီ ဝင်များက လက်ခံရယူသည်။

အဆိုပါကျေးရွာသုံး ထင်းစိုက်ခင်းသည် မြိုင်တောင်ကြိုးပြင်ကာကွယ်တောတွင် ဧက(၅၀)ကျယ်ဝန်းပြီး ယူကလစ်ပင်ပေါင်း ခြောက်သောင်းငါးရာ စိုက်ပျိုးထားကာ ကျေးရွာပြည်သူများအတွက် အိမ်တိုင်၊ မျှောတိုင်နှင့် ထင်းအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နံနက်ပိုင်းက ပခုက္ကူမြို့နယ် တန့်ကြည့်တောင်ဒေသနှင့် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသ စိမ်းလန်းစိုပြည်ရေး အတွက် သွားရောက်ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်‌ရေး ဦးစီးဌာန တာဝန်ရှိသူများ၊ လွှတ်‌တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ များနှင့် တွေ့ဆုံ‌ဆွေးနွေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဖြိုးမွန်ကျော်၊ အေးသန်း