Skip to main content

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ မြိုင်မြို့အမှတ်(၂) ကုန်စိမ်းစျေးသစ် တည်ဆောက်ရေး ကွင်းဆင်းကြည့်ရှု

မြိုင် ဒီဇင်ဘာ ၂၇

မကွေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများသည် မြိုင်မြို့တွင် တည်ဆောက်မည့် အမှတ်(၂)စျေး (ကုန်စိမ်းစျေး) တည်ဆောက်ရန် လျာထားသည့် မြေနေရာကို ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။

ကွင်းဆင်းကြည့်ရှုရာတွင် အမှတ်(၂)စျေး တည်ဆောက်မည့် မြေနေရာ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးဟန်မြင့်က မြိုင်မြို့တွင် အသုံးပြုနေသော စည်ပင်သာယာစျေးတွင် ကုန်စိမ်း(ပျံကျ)တန်းများ လိုအပ်နေသဖြင့် အမှတ်(၂) စျေး (ကုန်စိမ်းစျေး) တည်ဆောက်ရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စျေးတည်ဆောက်မှု စနစ်တကျရှိစေရေး၊ သန့်ရှင်းသပ်ရပ်စေရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။

အဆိုပါတည်ဆောက်မည့် အမှတ်(၂)ကုန်စိမ်းစျေးတွင် အဆောင်(၂၉)ဆောင်နှင့် ဆိုင်ခန်းပေါင်း (၅၇၂)ခန်း ပါရှိမည်ဖြစ်ပြီး စျေးရောင်း၊ စျေးဝယ် များ စနစ်တကျ ရောင်းဝယ်ခြင်း ပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးမွန်ကျော်