Skip to main content

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း သနပ်ပင်မြို့နယ် ကွင်းလျားရှည်ကျေးရွာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

သနပ်ပင် ဒီဇင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သနပ်ပင်မြို့နယ် ကွင်းလျားရှည် ဘုန်းတော်ကြီး ကျောင်း၌ ကွင်းလျား ရှည် ကျေးရွာ စားကျက်မြေ   အငြင်းပွားမှု နှင့်ပတ်သက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဖြေရှင်းပေးခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ကွင်းလျားရှည်‌‌ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမျှော်ကန့်တော့ပြီး လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ စားကျက်မြေ‌ပေါ်တွင် ကျူးကျော်ဝင်ရောက်နေထိုင် အငြင်း ပွားမှု ပြဿနာများနှင့် ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည့်အပြင် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်‌နေ သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေ ရရှိရေး စသည့် တင်ပြ တောင်းဆို ချက် များ ကိုလည်း လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုလားချောင်းကြီး တိုက်နယ်ဆေးရုံအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား‌ ထောက်ပံ့ ပေးအပ်ခဲ့ပြီး သနပ်ပင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ကုသပေးမှု အခြေအနေအား ကြည့်ရှုရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစံကြည်က ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက သနပ်ပင်ဆေးရုံးကြီး အတွက်   ကျန်းမာရေး အထောက်အပံ့ ပစ္စည်း များ အား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစံကြည်ထံသို့ လည်းကောင်း၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကုသရေးနှင့် အရေးပေါ်ထိန်းချုပ်ရေး ကော်မတီ အတွက်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦး‌ကျော်မင်းထွန်းထံသို့ ထောက်ပံ့ငွေ (၅)သိန်းကျပ် အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ထို့နောက် ဝန်ကြီးချုပ်နှင့် အစိုးရဖွဲ့ဝင်များသည် သနပ်ပင် မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတည်ဆောက်ရန်အတွက် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ကျပ်(၁၀)သိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန်ရွှေမှ ကျပ်(၅)သိန်း၊ သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းမှ ‌ကျပ်(၅)သိန်း၊    စုစုပေါင်း ငွေကျပ်သိန်း (၂၀)သိန်းတိတိအား  အသီးသီး ပေးအပ်လှုဒါန်းခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးမှ လက်ခံပေးခဲ့ကြောင်းသိရပြီး ဝန်ကြီးနှင့် အစိုးရအဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တည်ဆောက်မည့် မြေနေရာအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

လှမိုး(သနပ်ပင်)