မန္တလေး ဒီဇင်ဘာ ၂၅
ကိုဗစ်အလွန်ကာလတွင် ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ မန္တလေးမြို့ ဦးပိန်တံတားနှင့် တောင်သမန်အင်းအရှေ့တောင်ဘက်ရှိ ရွာသစ် ကျေးရွာအနီးတွင် စက္ကူပန်းနန်းတော်အပန်းဖြေဥယျာဉ်ကို စက္ကူပန်း ပင်ပေါင်း တစ်သိန်းကျော်ဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ပန်းနန်းတော် ဥယျာဉ် မန်နေဂျာ ဦးစိုးဝင်းအောင်က ပြောသည်။
“စက္ကူပန်းနန်းတော် အပန်းဖြေဥယျာဉ်ရှိ မြေဧက ရှစ်ဧက အတွင်းမှာ စက္ကူမျိုးရင်းပေါင်း ၇၀ ကျော်၊ အရောင် ခွဲပေါင်း ၃၀ ကျော်၊ စက္ကူပန်းပင်ပေါင်း တစ်သိန်းကျော်နဲ့ ပုံဖော်ဆောင်ရွက်နေတာ တော်တော်များများ ပြီးစီး နေပါပြီ။ မန္တလေးမြို့မှာ ပြည်သူလူထုအပန်းဖြေစရာနေရာတစ်ခု ဖြစ်လာအောင် ဆောင်ရွက်ထားပါတယ်။ ပန်းဥယျာဉ် အတွင်းမှာ ကလေးကစားကွင်းတွေ၊ ဓာတ်ပုံရိုက်စရာနေရာတွေ၊ ပန်းဝင်္ကပါတွေ၊ စားသောက် ဆိုင်တွေ၊ နေဝင်ဆည်းဆာ ကြည့်ရှုနိုင်မယ့် တောင်ကုန်းတွေပါ ဆောင်ရွက်ထားပါတယ်။ စက္ကူပန်းပျိုးပင် အရောင်း စင်တာလည်း ဖွင့်လှစ်ထားပါတယ်။ ကိုဗစ်အလွန်ကာလမှာ ဖွင့်လှစ် နိုင်အောင် ပြင်ဆင်နေပါတယ်”ဟု မန်နေဂျာ ဦးစိုးဝင်းအောင်က ပြောသည်။
စက္ကူပန်းနန်းတော်ဖွင့်လှစ်ပါက လူအများ စိတ်ဝင်စားစရာနေရာတစ်ခုဖြစ်လာနိုင်သည့်အပြင် ပန်းဥယျာဉ်ကြီး ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သည့် ရေလောင်းပေါင်းသင်ခြင်း၊ စက္ကူပန်းမျိုးခွဲခြင်း၊ အရောင်ခွဲခြင်း၊ ပုံသွင်းခြင်း များ ဆောင်ရွက်ရန် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးသည့်နေရာတစ်ခု ဖြစ်လာ မည်ဖြစ် ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)