မန္တလေး ဒီဇင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေတိမ်အင်း ဒေသများသို့ နှစ်စဉ် လာရောက်ကျက်စား လေ့ရှိသည့် ဆောင်းခိုငှက်များ ဝင်ရောက်မှု အခြေအနေမှာ ယခုနှစ်တွင် လျော့နည်းလာ ကြောင်း မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်းရေး အသင်း ဒုတိယဥက္ကဋ္ဌ ဦးဇေမောင်သိန်းက ပြောကြားသည်။
အဆိုပါ ဆောင်းခိုငှက်များသည် နှစ်စဉ် အောက်တိုဘာလလယ်မှ မတ်လကုန်အထိ မြန်မာနိုင်ငံအနှံ့အပြားရှိ အင်းများသို့ ကမ္ဘာ့ နေရာအနှံ့အပြားမှ မိုင်ပေါင်းထောင်ချီပျံသန်း၍ ဆောင်းရာသီကို ခိုလှုံရန် လာရောက်နေထိုင် ကျက်စားလေ့ရှိသော်လည်း ယခုနှစ်တွင် ဆောင်းခိုငှက် အများဆုံး ဝင်ရောက်ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပလိပ်အင်း ရေတိမ်ဒေသ၊ တောင်သမန်အင်း၊ ဗနောအင်း၊ စွန်ရဲအင်းနှင့် ပြူကန်တို့တွင် ရာသီဥတု ပြောင်းလဲလာခြင်း၊ တရားမဝင်ဖမ်းဆီးခြင်းများ နှင့် ဂေဟစနစ်ပြောင်းလဲမှုပေါ်မူတည်ပြီး ဆောင်းခိုငှက်များဝင်ရောက်မှု လျော့နည်း လာကြောင်း သိရသည်။
“ဆောင်းခိုငှက်တွေရဲ့ သဘာဝက သူတို့ စားဖို့ အစားအစာရရှိမှုအပေါ်မူတည်ပြီး အင်းတွေထဲကို ဝင်ရောက်ကျက်စားလေ့ ရှိတယ်။ ဒီနှစ်မှာ အလွန်ရှားပါးပြီးတော့ ပလိပ်အင်းနဲ့ ပြူကန်ကိုပဲ လာရောက်ကျက် စားလေ့ရှိတဲ့ ဘဲပိုးချပ်ကတော့ သုံး၊ လေး ကောင်လောက် လာတာတွေ့ရတယ်။ တောင် သမန်အင်းမှာတော့ ငှက်တွေရော၊ မျိုးစိတ် တွေရော တဖြည်းဖြည်းလျော့နည်းလာတာ ကိုတွေ့ရပါတယ်။ တောင်သမန်အင်းကို ဒီနှစ် ဆောင်းခိုငှက် ဝင်ရောက်မှုက အခြေအနေ မကောင်းဘူး။ အခါတိုင်းနှစ်တွေက ဆောင်းခို ဆက်ရက်ငှက်တွေ အကောင် ၅၀၊ ၁၀၀ လောက် လာတတ်ပေမယ့် ဒီနှစ်မှာ ၁၀ ကောင်လောက်ပဲ လာပါတယ်။ ဗျိုင်းတွေ၊ ဌာနေငှက်တွေက လွဲလို့ ကျန်တဲ့ငှက်တွေမတွေ့ရပါဘူး။ တရား မဝင် ဖမ်းဆီးသတ်ဖြတ်တဲ့သူတွေကြောင့် ဝင်ရောက်မှု နည်းသွားတာလည်းပါမယ်။ နေထိုင်ကျက်စားရာဒေသတွေ ပျက်စီးသွားတာ တွေလည်းပါမယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ဝင်ရောက်မှုအခြေအနေကို စောင့်ကြည့်ရဦး မယ်” ဟု ၎င်းက ရှင်းပြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အင်း များသို့ ယခုနှစ်တွင် ဆောင်းခိုငှက်များ ဝင်ရောက်မှုအနေဖြင့် မွန်ဂိုလီးယားနိုင်ငံနှင့် တရုတ်ပြည် မြောက်ပိုင်းတို့မှ ကြိုးကြာ၊ ငန်းရိုင်း၊ ရေဘဲနှင့် ရေကြက်တို့ ဝင်ရောက် လာကြပြီး ၎င်းတို့အနက် ကြိုးကြာငှက်များ ကိုသာ အများဆုံးတွေ့ရှိရကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အတွင်းသို့ ဆောင်းခိုငှက်များ ဝင်ရောက်မှုမှာ ပလိပ်အင်း၊ ဗနောအင်း၊ တောင်သမန်အင်း၊ ပြူကန်နှင့် စွန်ရဲအင်းစသည့် အင်းများတွင် အဓိက ဝင်ရောက်လေ့ရှိကြောင်းနှင့် နှစ်စဉ်ဆောင်းခို ငှက်များ ဝင်ရောက်မှုစာရင်းကို ဇန်နဝါရီလ အတွင်း၌ မြန်မာ့ငှက်နှင့် သဘာဝထိန်းသိမ်း ရေးအသင်း၊ မြန်မာငှက်ချစ်သူများနှင့် INGO, NGO အဖွဲ့များပူးပေါင်းကာ တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် ကောက်ယူလေ့ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)