ရန်ကုန် ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် လက်ရှိ အသုံးပြုလျက်ရှိသော ရထားလမ်းခုံးကျော်တံတား အမှတ်(၂) အင်းစိန်နှင့်ဆက်သွယ်ကာ ခုံးကျော်တံတားသစ် (မင်းကြီးလမ်းဘက်ခြမ်း)ရာနှုန်းပြည့်ပြီးစီးနေပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း တံတား တည်ဆောက်ရေးစီမံကိန်းတာဝန်ခံရုံးမှ သိရသည်။
အဆိုပါတံတားလက်တက်သည် ယခင်အင်းစိန် မီးရထားခုံးကျော်တံတားကြီးအားဆက်သွယ်ကာ ခုံးကျော် တံတား အဖြစ် ဗဟိုလမ်းကိုဖြတ်သန်းပြီး မင်းကြီးလမ်း အတိုင်း ဆက်စပ်ဖွဲ့စည်းတည်ဆောက်ခြင်းဖြစ်သည်။ စီမံကိန်း သည် အောက်ခံ Bored Pile Foundation ဖြစ်ကာ RC Girder နှင့် Steel Girder ပေါင်းပြီး ကွန်ကရစ်ကြမ်းခင်း တံတားဖြစ်ကြောင်း သိရသည်။ တံတားသည် အရှည် ၄၄၁ ပေနှင့် ချဉ်းကပ်တံတားအရှည် ၁၂၃ ပေ ရှိသည်။ အကျယ် သည် ဘေးတစ်ဖက်တစ်ချက် လူသွားလမ်း ပလက်ဖောင်း ပါဝင်ကာ ကားအဆင်းတစ်လမ်းသွား အကျယ် ၁၆ ပေ ရှိပြီး တံတားအမြင့်သည် ကားလမ်းအလွတ် အမြင့်ဆုံး နေရာ၌ ၁၈ ပေမြင့်သည်။ စီမံကိန်းကို ကျပ်သန်းပေါင်း ၁၉၁၀ အကုန်အကျခံ တည်ဆောက်ခြင်းဖြစ်ကြောင်း တံတားတည်ဆောက်ရေးစီမံကိန်း တာဝန်ခံရုံးမှ သိရ သည်။
“ကျွန်တော်တို့ ဒီခုံးကျော်တံတားတည်ဆောက်ခြင်းလုပ်ငန်းတွေက အခု အခြေအနေမှာ အလုံးစုံပြီးစီးနေပါပြီ။ ကျန်တဲ့ တံတားရဲ့အချောသပ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့အဆင်းလမ်းတွေက အခုလုပ်နေတယ်။ ကတ္တရာ လည်းလောင်း၊ ကွန်ကရစ်လည်းခင်းပြီးပါပြီ။ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဒီတံတားကိုဖွင့်လှစ်သွားပါမယ်။ တံတားကြီး ပြီးစီးသွားရင်တော့ မော်တော်ယာဉ်တွေက အင်းစိန် စျေးကနေ မင်းကြီးလမ်းဘက် ခြမ်းမှာရှိတဲ့ ဆေးရုံတို့၊ အုပ်ချုပ်ရေးမှူးရုံးတို့၊ အင်းစိန်(GTI) ကျောင်း တို့ကို တောက်လျှောက် တံတားလက်တက်ခုံးကျော်ကနေသွားနိုင်တော့မှာပါ။ အခုက တော့ အဲဒီဘက် တွေကို ပတ်သွားနေရတာပေါ့”ဟု မြန်မာ့မီးရထား(မြို့ပြ) အင်ဂျင်နီယာဌာန တံတားပေါင် အလုပ်ရုံ(မလွှကုန်း)မှ အင်ဂျင် နီယာမှူး ဦးမောင်ချို က ပြောသည်။
ယင်းအင်းစိန်ခုံးကျော်တံတား မင်းကြီးလမ်းဘက်ခြမ်းလက်တက်တံတား ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန မြန်မာ့မီးရထား(မြို့ပြ) အင်ဂျင် နီယာဌာန တံတားပေါင်အလုပ်ရုံ(မလွှကုန်း)၏ဘတ်ဂျက်ဖြင့် ဆောင်ရွက် ခြင်း ဖြစ်ပြီး တင်ဒါအောင်မြင်သော A1 ဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်နေ ခြင်းဖြစ်သည်။ Steel Box Girder များကို JNM ကုမ္ပဏီမှ ထုတ်လုပ်ဆောင်ရွက် ကြောင်း တံတား တည်ဆောက်ရေး စီမံကိန်းတာဝန်ခံရုံးမှ သိရသည်။
မြင့်မောင်