Skip to main content

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှမ်းကုန်ချောထုတ်စက်ရုံအားကြည့်ရှုစစ်ဆေး

မကွေး  ဒီဇင်ဘာ  ၂၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးလိုက်ပါကာ ဒီဇင်ဘာလ ၂၄ ရက် နံနက် နာရီအချိန်က မကွေးမြို့နယ် ကံပြားကျေးရွာအနီးရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmar တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် နှမ်းကုန်ချောထုတ်စက်ရုံ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် နှမ်းကုန်ချောထုတ်စက်ရုံသို့ ရောက်ရှိစဉ် စက်ရုံအတွင်းလုပ်ငန်း လည်ပတ် ဆောင်ရွက် နေမှုအား လှည့်လည်ကြည့်ရှုဆောင်ရွက်ရာ တာဝန်ရှိသူတို့က လိုက်လံရှင်းလင်း ပြသခဲ့ကြပြီး ရှင်းလင်းဆောင်တွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်က ဒေသတောင်သူများ ရေရှည်တည်တံ့သည့် အကျိုးစီးပွား ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ တောင်သူများကိုယ်တိုင် စီမံခန့်ခွဲနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ နှမ်းကုန်ချောထုတ်စက်ရုံ တာဝန်ခံက စက်ရုံလည်ပတ်နေမှုအခြေအနေ များနှင့် ပဲထောပတ်၊ နှမ်းထောပတ်ထုတ်လုပ်ပြီး  ရန်ကုန်၊ မန္တလေးရှိ အရောင်းစင်တာ(၃၇)ခုနှင့် အခြားမြို့များသို့ အမှာစာပေးပို့ရောင်းချနေမှုနှင့် EU နိုင်ငံများသို့ ဈေးကွက်ချိတ်ဆက်ရန် လုပ်ငန်းစီမံဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကာ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး  ဦးဝင်းမော်ဌေးက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသတောင်သူများ တိုးချဲ့ပညာပေး စည်းရုံးရန်နှင့် ပိုမို တိုးတက် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြခဲ့မှုနှင့် နှမ်းကုန်ချော ထုတ်စက်ရုံ၏ လုပ်ငန်းလည်ပတ်လုပ်ဆောင်မှု အခက်အခဲများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် PC Myanmar  တို့၏ ကူညီပံ့ပိုးမှုဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် မကွေးမြို့ နှမ်းကုန်ချောထုတ်စက်ရုံတွင် GAP နှမ်းတွေ သန့်စင် ပေးခြင်း၊ အရောင်ခွဲပေးခြင်းတို့ကို တောင်သူများ သက်သာမှန်ကန်တဲ့ နှုန်းထားတွေနဲ့ ကူညီပေးနေတဲ့ အပြင်  ထမင်းပူပူလေး၊  သီးရွက်စုံကြော် ဒါမှမဟုတ် ပေါင်မုန့်မီးကင်လေးနဲ့ ဆမ်းပီး စားလို့ရတဲ့၊ အရသာမွှေးကြိုင်လတ်ဆတ်ပြီး ဓါတုကင်းလွတ် "နှမ်းထောပတ်""ပဲထောပတ်" တွေကိုလည်း ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်ဟု နှမ်းကုန်ချောထုတ်စက်ရုံ တာဝန်ခံက ပြောသည်။

အဆိုပါလုပ်ငန်းကို မကွေးဒေသအတွင်း နှမ်းစိုက်သူများကို စုစည်းကာ ကိုယ်စားပြုပြီး အချင်းချင်း အတွေ့ အကြုံ ဖလှယ်နိုင်စေပြီး  စုပေါင်းကာ လက်ကားရောင်းဝယ်နိုင်ရေး၊အများပိုင် စက်ပစ္စည်းနှင့် ငွေကြေးစသည့် အရင်းအနှီးများကို စီမံအုပ်ချုပ်ရန်နှင့်နှမ်းစိုက်သူများ၏ စုပေါင်းအင်အားဖြင့် ညှိနှိုင်း ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရေး ရည်မှန်းကာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)