နေပြည်တော် ဒီဇင်ဘာ ၂၃
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများ ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
GDP ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိ
ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဖွင့်အမှာစကား ပြောကြားရာ၌ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ်စဉ် ကမ္ဘာပေါ်မှာ လူဦးရေရှစ်သန်းသည် ကင်ဆာအမျိုး မျိုး၊ နှလုံး၊ အဆုတ်စသည့် နာတာရှည်ရောဂါများဖြစ်ပွားပြီး အရွယ်မတိုင်မီ သေဆုံးလျက်ရှိပါကြောင်း၊ ထိုအထဲမှ လူတစ်သန်းကျော်သည် တစ်ပါးသူ၏ဆေးလိပ်ငွေ့ကို ရှူရှိုက်ရသည့်အတွက် သေဆုံးနေရကြောင်း၊ အထူးသဖြင့် အမျိုးသမီးများ နှင့် ကလေးငယ်များဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း လူဦးရေ ၆၄၀၀၀ သည် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ဖြစ်ပွားရသည့် ရောဂါများ ကြောင့် သေဆုံးခဲ့ရကြောင်း၊ ထိုသေဆုံးမှုပမာဏသည် အိတ်ချ်အိုင်ဗွီ၊ တီဘီ၊ ငှက်ဖျား ရောဂါသုံးမျိုးပေါင်းကြောင့် တစ်နှစ်တွင် သေဆုံးသူစုစုပေါင်းထက် ပိုများလျက်ရှိသည် ကို တွေ့ရှိရကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် “Investment Case Study on Tobacco Control in Myanmar” အရ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် မြန်မာနိုင်ငံအနေနှင့် ၂၀၁၆ ခုနှစ်အတွင်း ငွေကျပ် ၂ ဒသမ ၆ ထရီလီယမ် (သို့မဟုတ်) ငွေကျပ် သန်းပေါင်း ၂ ဒသမ ၆ သန်း ဆုံးရှုံးခဲ့ပြီး GDP ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ် ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံမှ အရှိန် အဟုန်မြှင့်တင်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မကူးစက် နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းက ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ MPOWER လုပ်နည်း လုပ်ဟန်များ အကောင်အထည်ဖော်မှုနှင့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ဆေးလိပ်ငွေ့ကင်းစင်ရေး ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဥပဒေအခြေခံအချက်အလက်များ၊ အကောင်အထည်ဖော်ခြင်းဆိုင်ရာ အချက်အလက်များ၊ ရန်ကုန်မြို့တော်တစ်ခွင် ဆေးလိပ်ငွေ့ကင်းစင်ရေး ဆောင် ရွက်နေမှုအခြေအနေများ၊ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေက လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် အချက်အလက်များနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး လုပ်ငန်းနှင့် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ၊ တွေ့ကြုံရသည့်အခက်အခဲ များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို တင်ပြကြ သည်။
ဆက်လက်၍ တက်ရောက်လာကြသူများက ဆေးလိပ်ငွေ့ ကင်းစင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန်နှင့် ဗဟို၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တို့မှ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ ထည့်သွင်း စဉ်းစားသင့်သည့်အချက်များကို ဝိုင်းဝန်းဆွေးနွေး ကြသည်။
ဆွေးနွေးပွဲသို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူးများ၊ ဒုတိယတိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ WHO နှင့် The Union အဖွဲ့မှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီသို့ လှူဒါန်းငွေများနှင့် လှူဒါန်းပစ္စည်း များ လွှဲပြောင်း/ လက်ခံခြင်းအခမ်းအနားကို နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန COVID-19 Central Command Centre ၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
အခမ်းအနားတွင် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၅၆) (အထက်မြန်မာပြည်) သူငယ်ချင်းများအဖွဲ့မှ ကိုယ်စားလှယ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်နီယာချုပ် ဦးမျိုးကြွယ်က လှူဒါန်းရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟို ကော်မတီ အတွင်းရေးမှူး (၂) ကိုယ်စား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြန်လည် ပြောကြားသည်။
ယင်းနောက် လှူဒါန်းငွေများနှင့် လှူဒါန်းပစ္စည်းများ ကို လွှဲပြောင်းပေးအပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် သည်။
ယနေ့လှူဒါန်းမှုများမှာ အလယ်အလတ်အဆင့် အရာ ထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၅၆) (အထက်မြန်မာ ပြည်) သူငယ်ချင်းများက လှူဒါန်းငွေကျပ် ၁၅၀၀၀၀၀၊ Myanmar Leading Co,.Ltd. မှ Covid-19 test kit ၆၀၀၊ N95 ၁၀၀၀၊ Surgical Gown ၂၀၀၊ Mask ၁၀၀၀၀၀၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်း လောင်း အခြေခံသင်တန်း CSA (5) သင်တန်းဆင်းအရာရှိ များက ငွေကျပ် ၈၅၀၀၀၀၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းလောင်း အခြေခံသင်တန်း CSA (3) သင်တန်းဆင်း သင်တန်းသား သင်တန်းသူများက ငွေကျပ် ၅၀၀၀၀၀၊ ပါမောက္ခ ဒေါက်တာမေမေရီ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဆေးသုတေသနဦးစီးဌာနက ငွေကျပ် ၅၀၀၀၀၀ လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်