နေပြည်တော် ဒီဇင်ဘာ ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ပုသိမ် - ကံကုန်း - မြင်းကဆိပ်- မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့် မြှင့်တင်ခြင်းစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်း များကို စစ်ဆေးသည်။
ကြန့်ကြာမှုမရှိစေရေး
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား တံတားအထူးအဖွဲ့(၁၅)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)က တံတား အဆင့်မြှင့် တင်ခြင်းလုပ်ငန်းအစီအစဉ်နှင့် တံတားပုံစံများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက ကြိုးတံတားအဟောင်း ဖြုတ်သိမ်းချိန်တွင် ပြည်သူများ ခရီးသွားလာရေးအတွက် ဇက်ဖြင့်ကူးရန် စီစဉ်ထားရာတွင် ကြန့်ကြာမှုမရှိစေရေး စနစ်တကျ စီစဉ်ဆောင်ရွက်ရန် မှာကြားသည်။
ပမ္မဝတီတံတား (မြင်းကဆိပ်) အဆင့်မြှင့်တင်ရာတွင် လက်ရှိ ကြိုးတံတားအဟောင်း၏ အပေါ်ထည်များ ပြန်လည်ဖြုတ်သိမ်းမည့် အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်ပြီး ရေလယ်တိုင်နှစ်တိုင် ထပ်ထည့်ကာ Steel Box Girder များတင်၍ အပေါ် ထည် သံကူကွန်ကရစ် နှစ်လမ်းသွား တံတားအဖြစ် အဆင့်မြှင့် တင်ရန် စီစဉ်ထားကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မရမ်းချောင်း - ရွာသစ်လမ်းပေါ်ရှိ ကျွန်းကုန်းတံတားစီမံကိန်းသို့ ရောက်ရှိကြရာ တည်ဆောက်ရေးအဖွဲ့ (၂)မှ ညွှန်ကြားရေး မှူး(မြို့ပြ) ဦးအောင်သီဟက တံတားလုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းခွင် အား လိုက်လံပြသသည်။
ကျွန်းကုန်းတံတားသည် အရှည် မီတာ ၂၄၀၊ အကျယ် ၇ ဒသမ ၅ မီတာရှိ နှစ်လမ်းသွားတံတားဖြစ်ပြီး ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်၊ သံမဏိ သံပေါင်၊ သံကူကွန်ကရစ် ရက်မနှင့် သံကူကွန်ကရစ် ကြမ်းခင်းတံတား အမျိုးအစားဖြစ်ပြီး ယခုအချိန်အထိ တံတားတစ်စင်းလုံး၏ ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘိုကလေး- မော်လမြိုင်ကျွန်း - ဝါးခယ်မ - မြောင်းမြ လမ်းပေါ်ရှိကျွန်း ပြဿဒ်တံတားစီမံကိန်းသို့ ရောက်ရှိကြရာ ပင်မတံတားပေါ် တွင် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်သီဟက တံတားဆိုင်ရာ အချက်အလက်များနှင့် ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းပြဿဒ် တံတားကို ကြည့်ရှုစစ်ဆေးကြသည်။
ကျွန်းပြဿဒ် တံတားသည် အရှည် မီတာ ၇၂၀၊ အကျယ် ၉ ဒသမ ၅ မီတာ နှစ်လမ်းသွား တံတားဖြစ်ပြီး ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်နှင့် သံမဏိ သံပေါင်ခုံးတံတားအမျိုးအစားဖြစ်သည်။ ယခုအခါ တံတား မှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘိုကလေး- မော်လမြိုင်ကျွန်း - ဝါးခယ်မ - မြောင်းမြလမ်းပေါ်ရှိ စော်ကဲတံတားစီမံကိန်းသို့ ရောက်ရှိပြီး တံတားစီမံကိန်း ရှင်းလင်းဆောင်၌ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင် သီဟက တံတားဆိုင်ရာအချက်အလက်များ၊ လုပ်ငန်း စီမံချက်နှင့် ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က တံတားသည် အားလုံးပြီးစီးနေပြီဖြစ်၍ အပြီး သတ်လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်မှာကြားပြီး တံတားအား ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ရာနှုန်းပြည့် ပြီးစီး
စော်ကဲတံတားသည် အရှည် မီတာ ၇၅၀၊ အကျယ် ၉ ဒသမ ၅ မီတာရှိ နှစ်လမ်းသွား တံတားဖြစ်ပြီး ဘိုးပိုင် အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်နှင့် အပေါ်ထည်မှာ သံမဏိသံပေါင်၊ သံကူကွန်ကရစ် ကြမ်းခင်းတံတား အမျိုး အစားဖြစ်ပြီး ယင်းတံတားမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်း သိရသည်။ ယခုအခါ ဘိုကလေး - မော်လမြိုင်ကျွန်း- ဝါးခယ်မ - မြောင်းမြ လမ်းပေါ်တွင် စော်ကဲတံတားနှင့် ကျွန်းပြဿဒ်တံတားကြီး နှစ်စင်း ပြီးစီးသွားသဖြင့် မြောင်းမြ၊ ဝါးခယ်မနှင့် ကျုံမငေးမြို့နယ် ဒေသခံပြည်သူ များသည် အဆိုပါ လမ်းပေါ်မှတစ်ဆင့် မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ ရန်ကုန်မြို့များသို့ မော်တော် ယာဉ်များဖြင့် တစ်ဆက်တည်း သွားလာနိုင်မည်ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်း မိုင်တိုင် ၃၀/၇ အနီးတွင် Sheet Pile ရိုက်၍ မြေထိန်းနံရံ တည်ဆောက် ထားမှုနှင့် ပတ်သက်ပြီး မြေသားတည်ငြိမ်မှု ရှိ/မရှိ အခြေ အနေကို ကြည့်ရှုစစ်ဆေးပြီး ရန်ကုန် - ပုသိမ်လမ်း တစ်လျှောက် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်မှုကို မော်တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ တာဝန်ရှိသူများ နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်ဖြင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း (MLCA) တို့က တာဝန်ယူတည်ဆောက်နေသည့် ပြည်သူ့ အိမ်ရာ အခန်းတစ်သောင်း စီမံကိန်းသို့ ရောက်ရှိသည်။
ရှင်းလင်းတင်ပြ
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းရှင်းလင်း ဆောင်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထိန်၊ MLCA ဥက္ကဋ္ဌ နှင့် MCEF အတွင်း ရေးမှူးတို့က စီမံကိန်းအဆောက်အအုံပုံစံ၊ Design နှင့် မြေပြင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြ သည်။
ထို့နောက် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က Foundation ဆိုင်ရာ Design ကိစ္စများ ကို ထပ်မံဆွေးနွေးတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အဆောက်အအုံ များအတွက် မြေစမ်း Report အခြေအနေများနှင့် မြေပြင် အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး Foundation ပိုင်း ဆိုင်ရာ အင်ဂျင်နီယာ ဆုံးဖြတ်ချက်များ ချမှတ်ပေးကာ လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး အမြန် ဆောင်ရွက်သွားရန် မှာကြားသည်။
ရန်ကုန်ပြည်သူ့အိမ်ရာ စီမံကိန်းတွင် လေးခန်းတွဲ ငါးထပ် အဆောက်အအုံ ၃၉၃ လုံး/ အခန်းပေါင်း ၆၂၈၈ ခန်း တည်ဆောက်ရန် စီစဉ်ထားရာ ယခုအခါ အဆောက် အအုံ ၁၈ လုံး ပန္နက်ရိုက်ပြီး အုတ်မြစ်လုပ်ငန်းများ စတင် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်းစဉ်