ရန်ကုန် ဒီဇင်ဘာ ၂၃
ပြည်တွင်းခရီးစဉ်များကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ ပြန်လည်ပျံသန်းပြေးဆွဲ လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း လိုင်း (MAI) သည် လေယာဉ်သစ်များ ထပ်မံဖြည့်တင်း လျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာလမတိုင်မီကတည်းက မှာယူ ထားသော ဘရာဇီးနိုင်ငံထုတ် Embraer E 190-100 LR XY- ALP လေယာဉ်အသစ်သည် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းအတွက် ယခုထပ်မံ ရောက်ရှိလာသည့် လေယာဉ်သည် CDB Company က မှာယူတင်သွင်းခဲ့သည့် လေယာဉ်ဖြစ်ပြီး ယခင် ရောက်ရှိပြီး Embraer လေယာဉ် ကဲ့သို့ပင် Long Range ပျံသန်းနိုင်သည့် အမျိုးအစားဖြစ်ကာ အမြင့်ပေ ၄၀၀၀၀ ကျော်အထိ ပျံသန်းနိုင်ကြောင်း သိရသည်။
အဆိုပါ လေယာဉ်တွင် Bu- siness Class ထိုင်ခုံခြောက်ခုံနှင့် Economy Class ထိုင်ခုံ ၉၂ ခုံ ပါရှိပြီး ပြည်တွင်းခရီးစဉ်များတွင် ခေတ်မီ လုံခြုံစိတ်ချရကာ သက်သောင့် သက်သာဖြင့် မြန်ဆန်စွာ ပျံသန်း သယ်ယူပို့ဆောင် ပေးနိုင်သော ကြောင့် ပြည်တွင်းခရီးသွား များ အကြိုက်တွေ့နေသည့် လေယာဉ်အမျိုးအစား လည်း ဖြစ်သည်။ MAI လေကြောင်း လိုင်းသည် Embraer E190 လေယာဉ် ဖြင့် ယခုပြေးဆွဲပေးနေသည့် မြိတ်၊ စစ်တွေ၊ ထားဝယ်နှင့် ကော့သောင်း မြို့တို့အပြင် ဟဲဟိုး၊ ကျိုင်းတုံ၊ မြစ်ကြီးနားနှင့် ပူတာအိုမြို့များသို့ ဇန်နဝါရီမှ စတင်ကာ ထပ်မံတိုးချဲ့ ပျံသန်းပြေးဆွဲပေးမည် ဖြစ်သလို နေပြည်တော်၊ ညောင်ဦးနှင့် မန္တလေး မြို့များသို့ လည်း တိုးချဲ့ပျံသန်းပြေးဆွဲ ပေးမည် ဖြစ်သည်။
MAI လေကြောင်းလိုင်းအနေဖြင့် ပြည်တွင်းခရီးစဉ်များ ပျံသန်းပြေးဆွဲ ရာတွင် တာဝန်ထမ်းဆောင်မည့် Pilot များ၊ Cabin Crew များနှင့် Ground Staff များအားလုံးကို ကိုဗစ်-၁၉ ရောဂါပိုးကင်းရှင်းမှု စစ်ဆေးထားရှိ ပြီးဖြစ်ကာ ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်ခြင်းမရှိအောင် PPE ဝတ်စုံ များကို Level-2 ဝတ်ဆင်၍ တာဝန် ထမ်းဆောင်ကြမည်ဖြစ်သည်။
ထို့ပြင် လေယာဉ်ခရီးစဉ်တိုင်း ပျံသန်းမှုမစမီနှင့် ပျံသန်းမှုပြီးဆုံးတိုင်း ပိုးသတ်ဆေးဖျန်း၍ ကာကွယ်ခြင်း လုပ်ငန်း (Disinfection) ကို Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်လျက် ရှိသည့်အပြင် လေယာဉ်စီးခရီးသည် များ အသုံးပြုရန်အတွက် Travel Hygiene Pack များကိုလည်း ခရီးသည် တစ်ယောက်ချင်းစီသို့ ပေးဝေသွားရန် စီစဉ်ထားကြောင်း သိရသည်။
ရဲရင့်ရှိုင်း