နေပြည်တော် ဒီဇင်ဘာ ၂၃
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား ၄၉ ဦး အပါအဝင် အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၇၁ ဦးအား ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ် ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့ စွာ ပြန်လည် ရောက်ရှိကြ သည်။
ထို့အပြင် ကိုရီးယားသမ္မတနိုင်ငံတွင် စာချုပ်သက်တမ်းကုန်ဆုံး၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာသင်္ဘောသား အလှည့်ကျ ဝန်ထမ်းပြောင်းလဲခြင်း အကူအညီပေးရေးကော်မတီ (CCSC) တို့ ပူးပေါင်း စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ည ၇ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ကြသည်။
အဆိုပါကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ ၉၆ ဦး၊ စင်ကာပူမှ ၁၆ ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ သုံးဦး၊ ကာတာမှ ၁၀ ဦး၊ အီဂျစ်မှ လေးဦး၊ အင်ဒိုနီးရှားမှ တစ်ဦး စုစုပေါင်း မြန်မာသင်္ဘောသား ၁၃၀ လိုက်ပါခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ် ပေးသည့် နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့က သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေး ခဲ့ကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘော သားများနှင့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေ ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး များ၊ သင်္ဘောကုမ္ပဏီများ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်