Skip to main content

အားလုံးအတွက် ရှေးဦးပြုစုခြင်း “First Aid for All” သင်တန်းစီမံချက်ပထမအဆင့် သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော်   ဒီဇင်ဘာ  ၂၃

ရခိုင်ပြည်နယ်အတွင်းရှိ  မြို့နယ်များမှ   လူငယ်များ၊ အမျိုးသမီးများအတွက် ဦးတည်၍   ဆောင်ရွက်လျက်ရှိ သော ‘အားလုံး အတွက် ရှေးဦးပြုစုခြင်း ‘ First Aid for All’ သင်တန်းစီမံချက်  ပထမအဆင့်သင်တန်းဆင်းပွဲအခမ်း အနားကို  Online   ဖြင့်   ယနေ့  ကျင်းပရာ    နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းလွင် က သင်တန်းဆင်းအမှာစကား ပြောကြား သည်။

ဒုတိယဝန်ကြီးက ပြောကြားရာတွင် ‘ရှေးဦးပြုစုခြင်း ပညာသည်  အလွန်မွန်မြတ်ပြီး   ထိခိုက်ဒဏ်ရာရသူများကို ရှေးဦးပြုစုခြင်း အားဖြင့်   အသက်အန္တရာယ်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊   ရခိုင်ပြည်နယ်အတွင်းမှ လူငယ်များ၊ အမျိုးသမီးများ အကျိုးရှိစေ ရန် သင်တန်းများ ကို စီစဉ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခုနှစ် ဩဂုတ်လ အတွင်းကတည်းက သင်တန်းများ ဖွင့်လှစ်ရန် အသင့်ဖြစ်ခဲ့သော်လည်း Covid – 19 ကပ်ရောဂါ အခြေအနေကြောင့် ဒီဇင်ဘာလမှသာ Online ဖြင့် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ Online မှ  သင်ကြားပေးသော်လည်း  သင်တန်းဆရာများ၏ အရည်အချင်းပြည့်ဝမှု၊ သင်တန်းသူ သင်တန်းသား များ ၏ စိတ်ပါဝင်စားမှုများကြောင့် များစွာအောင်မြင်သော သင်တန်း ဖြစ်ခဲ့ကြောင်း၊ သင်တန်းတွင်ရရှိခဲ့သော ပညာများဖြင့် မိမိရပ်ရွာ၊ မိမိ အသိုင်းအဝိုင်း၊ မိမိပြည်နယ်အတွက် အကျိုးပြု ကြမည်ဟု ယုံကြည်ကြောင်း၊ သိရှိခဲ့သောသင်ခန်းစာများအား ပတ်ဝန်းကျင်သို့ ပြန်လည် ဖြန့်ဝေစေလိုပါကြောင်း၊ လူငယ်များအကြား နားလည်မှု၊ ယုံကြည်မှု တိုးပွားလာပြီး လူမှုသဟဇာတဖြစ်စေရေးကို အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ စေတနာ၊ မေတ္တာ၊ ကရုဏာနှင့် အကြင်နာ တရားစသော ကြက်ခြေနီ၏ အခြေခံစိတ်ဓာတ်များသည် လူမှုသဟဇာတဖြစ်ထွန်းရေးမှာလည်း အလွန်အရေးကြီး ကြောင်း၊ ရခိုင်ပြည်ရှိ မြို့နယ်အားလုံးအတွက် စီမံချက် ဒုတိယအဆင့်နှင့် တတိယအဆင့်များကို ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း၊  ရခိုင်ပြည်နယ်အတွင်း   သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်စေ၊ တိုက်ပွဲများ၊ မိုင်းအန္တရာယ် များကြောင့်ဖြစ်စေ ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစု ခြင်းအတတ်ပညာဖြင့် အရေးပေါ်ကူညီပေးနိုင်တော့မည် ဖြစ်ကြောင်း၊ သင်တန်းဖြစ်မြောက်ရန် ဆောင်ရွက်ပေးသူ အားလုံးကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြား သည်။

သင်တန်းဆင်းပွဲတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏  မြန်မာနိုင်ငံဆိုင်ရာ  အထူးကိုယ်စားလှယ် Ms.  Christine  Burgener  ကလည်း   ဂုဏ်ပြုစကား ပြောကြားခဲ့သည်။  ထို့အပြင်  မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့် ကွဲပြားခြားနား မှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေး အဖွဲ့ (CDNH) မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာကျော်ရင် လှိုင်တို့က သင်တန်းဆင်းဂုဏ်ပြုစကား ပြောကြားကြသည်။

အားလုံးအတွက်ရှေးဦးပြုစုခြင်း ‘ First Aid for All’ သင်တန်းစီမံချက်တာဝန်ခံ    နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က သင်တန်းများပြုလုပ်ရခြင်းအကြောင်းနှင့် ရခိုင်ပြည်နယ် အတွင်း လူမှုသဟဇာတဖြစ်စေရေး ဆောင်ရွက်နေမှုများ အကြောင်းကို ရှင်းလင်းပြောကြားသည်။

သင်တန်းဆင်းပွဲသို့ နိုင်ငံတော်သမ္မတရုံးအကြံပေး ပုဂ္ဂိုလ် ဗိုလ်မှူးကြီးထိန်လင်း (ငြိမ်း)၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့်   နိုင်ငံတော်အတိုင်ပင်ခံရုံး   ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဗဟိုကော်မတီဝင်များ၊   ICRC,  IFRC   တို့မှ   ဌာနေ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးမှ အကြီးအကဲများ၊  သင်တန်းနည်းပြများနှင့်   သင်တန်းသူ သင်တန်းသားများ  စုစုပေါင်း  ၁၀၀ ကျော် တက်ရောက် ကြသည်။

အားလုံးအတွက်ရှေးဦးပြုစုခြင်း ‘ First Aid for All’ သင်တန်းစီမံချက် ပထမအဆင့်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၆ ရက်မှ ၂၃ ရက်အထိ ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်ရှိ စစ်တွေ၊   ပေါက်တော၊   မောင်တော၊   ဘူးသီးတောင်၊ ကျောက်ဖြူနှင့်  သံတွဲမြို့နယ်များရှိ   လူမှုအသိုင်းအဝိုင်း အသီးသီးမှ သင်တန်းသူသင်တန်းသား ၁၇၀ တို့ သင်တန်း တက်ရောက်ပြီးမြောက်ကြောင်း   သိရသည်။   မြို့နယ် တစ်ခုစီအတွက် သုံးရက်ကြာသင်တန်းတစ်ခုစီကို Online ဖြင့်ပို့ချခဲ့ပြီး သင်တန်းသား ၃၀ ခန့် တက်ရောက်ခဲ့ကြောင်း၊ သင်တန်းနည်းပြများအဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မှ အတွေ့အကြုံရင့်နည်းပြများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သင်တန်းစီမံချက် ဒုတိယအဆင့်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၂၀ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပြီး မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်နှင့် ဂွ မြို့နယ်များမှ လူငယ်များ၊ အမျိုးသမီးများအတွက် သုံးရက်ကြာသင်တန်း များကို မြို့နယ်အလိုက် ပို့ချသွားမည်ဖြစ်သည်။

အားလုံးအတွက်ရှေးဦးပြုစုခြင်း ‘ First Aid for All’ သင်တန်းစီမံချက်ကို  နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ  ကြက်ခြေနီအသင်းနှင့်   ကွဲပြားခြားနားမှု နှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ  လေ့လာရေးအဖွဲ့ (CDNH) တို့   ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။             

သတင်းစဉ်