Skip to main content

ဂျပန်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များကို စိတ်ဝင်စား

နေပြည်တော်  ဒီဇင်ဘာ ၂၃

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့၏ ကူညီပံ့ပိုးမှု၊ အာဆီယံ-ဂျပန်စင်တာနှင့် မြန်မာသံရုံး (တိုကျိုမြို့)တို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် Myanmar Investment Environment Update Webinar ကို ယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၌ Virtual စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က Video Message ပေးပို့သည်။

အခမ်းအနားတွင် အာဆီယံ-ဂျပန်စင်တာ၏ အထွေထွေအတွင်းရေးမှူး Mr. Masataka Fujita က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက Video Message ဖြင့် ပြောကြားရာတွင် မကြာသေးမီက ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ၂၀၂၁ ခုနှစ်တွင် စီးပွားရေး ပြန်လည်ထူထောင်ရေး အလားအလာများ၊ ဖြစ်နိုင်ချေရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အလမ်းများ၊ လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံ၏ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ အရေးပါသည့် စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင် မြဲစေရေးတို့တွင် ဂျပန်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုကဏ္ဍ အရေးကြီးမှုကို နိုင်ငံတော်အစိုးရအနေဖြင့် အသိအမှတ်ပြုကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်မည့် ဂျပန်နိုင်ငံ၏ ကတိကဝတ်များနှင့် မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် မွန်ပြည်နယ် အထူးစီးပွားရေးဇုန်အသစ် ထူထောင်ရေးကိစ္စရပ်တွင် ပါဝင်ဆောင်ရွက်မည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်က မြန်မာနိုင်ငံ၏ သဘာ၀ပတ်၀န်းကျင်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် အလားအလာကောင်းများ ရှိနေကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်ဒေသတွင် နေထိုင်ကြသည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းတစ်ခု ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ Chief Representative ဖြစ်သူ Mr. Noriji Sakakura က “JICA's Current and Future Programs in Myanmar” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ငွေကြေးထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များ၊ ချေးငွေအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အမေးအဖြေကဏ္ဍကို ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဆက်အောင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တို့က ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

Webinar ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အာဆီယံ-ဂျပန်စင်တာ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီအသီးသီးတို့မှ တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၃၈၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်