Skip to main content

နိုင်ငံခြားသားများပါဝင်သော ငွေကြေးလိမ်လည်ရယူသည့် ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန် ဒီဇင်ဘာ ၂၃

အယုံလွယ်သူများထံ ယုံကြည်အောင်ပြောဆို၍ Online မှတစ်ဆင့် ဆက်သွယ်ပြီး ဘဏ်သို့ ငွေလွှဲစေကာ MPU ကတ်များအသုံးပြုပြီး လိမ်လည် ရယူသူ နိုင်ငံခြားသားများပါဝင်ပတ်သက်သည့် ဂိုဏ်းတစ်ခုအား ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့နေ၊ Tin Yan Naing Facebook Account သို့ Eve Garden Facebook Account အသုံးပြုသည့် အမျိုးသမီးတစ်ဦးမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၂၈) ရက်နေ့တွင် စတင်မိတ်ဖွဲ့လာခဲ့ပြီး Facebook ပေါ်၌ ခင်မင်ချိန် (၂)ပတ်ခန့်အတွင်း ၎င်းသည် အမေရိကန်နိုင်ငံသူ၊ ကိုးရီးယား လူမျိုးတစ်ဦး ဖြစ်ကြောင်း၊ ဆီးရီးယားစစ်မြေပြင်တွင် ငြိမ်းချမ်းရေး တပ်ဖွဲ့၌  တာဝန် ထမ်းဆောင်ချိန် အမေရိကန်ဒေါ်လာ (၇၄၀၀၀၀)နှင့် ရွှေချောင်းများ ရရှိခဲ့ကြောင်း၊ Covid-19 ရောဂါကာလအတွင်း ထိန်းသိမ်းရန် အခက်အခဲ ဖြစ်သဖြင့် ယခု Account ပိုင်ရှင်ထံ ယုံကြည်သောကြောင့် အပ်နှံထားလို ကြောင်း၊ Delivery နည်းလမ်းဖြင့် ပစ္စည်းများပေးပို့မည်ဖြစ်ကြောင်း ပြောဆိုကာ ပစ္စည်းထုပ်များ၊ ဒေါ်လာများ၏ ဓာတ်ပုံများပေးပို့လာခဲ့ကြောင်း။

(၂)ရက်ခန့်အကြာတွင် အမျိုးသမီးတစ်ဦး၏အသံဖြင့် ၎င်းအမျိုးသားထံသို့ ဖုန်းဆက်သွယ်လာခဲ့ပြီး ရန်ကုန်လေဆိပ်ပစ္စည်း လက်ခံဌာနမှဖြစ်ကြောင်း၊ ပြည်ပမှပို့လိုက်သည့်ပစ္စည်းများ ရန်ကုန်လေဆိပ်သို့ရောက်နေကြောင်း၊ ပစ္စည်းထုတ်ယူရန် အမေရိကန်ဒေါ်လာ (၁၂၅၀)(မြန်မာငွေ ၁၆၉၀၀၀၀ ကျပ်) ကို Bank Accountသို့ လွှဲပေးရန် (၁)ကြိမ်အပါဝင်၊ ပစ္စည်းထုတ်ယူရန် အကြောင်း အမျိုးမျိုးဖြင့် ငွေ (၃)ကြိမ်ကို Bank Account (၃)ခုသို့ ငွေကျပ်စုစုပေါင်း သိန်း (၁၇၀၀)ကျော် လွှဲပေးခဲ့ကြောင်း သိရှိရသည်။

၎င်းလွှဲပေးသည့် ဘဏ်နှင့် Account များကို ခြေရာခံ၍ သက်ဆိုင်ရာ ဘဏ်များနှင့် ပူးပေါင်းပြီး ငွေလာထုတ်ချိန် ဘဏ်၏ CCTV မှတ်တမ်းများ၊ Bank Account ပိုင်ရှင်များကိုဖော်ထုတ်ရာ လှိုင်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ် နေ အသက် (၂၀)ကျော်ဝန်းကျင်ရှိ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၁)ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ကြောင်း၊ ၎င်းတို့ (၃)ဦးကို စိစစ်ဖော်ထုတ်ချက်အရ ၎င်းတို့သည် သာမန်လက်လုပ်လက်စားများဖြစ်ကြောင်း၊ ၎င်းတို့ကို (၁၀၀၀၀)ကျပ်စီ ပေး၍ ၎င်းတို့၏ အမည်၊ နေရပ်၊ မှတ်ပုံတင်နံပါတ်များကိုအသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးမှ MPU ကတ်များ ဘဏ်အသီးသီး၌ ပြုလုပ်စေပြီး ပြုလုပ်ပြီးချိန် ၎င်းပုဂ္ဂိုလ်မှ MPU ကတ်များ ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ကွင်းဆက် ထပ်မံစိစစ်ချက်အရ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက် နေ၊ အမျိုးသား တစ်ဦး၊ ၎င်း၏ဇနီးနှင့် ဇနီး၏ ယခင်အိမ်ထောင်နှင့်ရသည့် (၂၃)နှစ်အရွယ်သားတစ်ဦး၊ စုစုပေါင်း (၃)ဦးအား ခြေရာခံဖော်ထုတ်ရမိပြီး ၎င်းတို့မှ သာမန်လက်လုပ်လက်စားများထံမှ MPU ကတ်များကို (၁၀၀၀၀) ကျပ်ဖြင့် ဝယ်ယူခဲ့ကြောင်း၊ ဝယ်ယူရရှိသည့် MPU ကတ်များကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်၊ (င/က)ရပ်ကွက်နေ နိုင်ဂျီးရီးယားနိုင်ငံသား EZIEFULE (ခ) ABIAZIEN WISDOM နှင့် ၎င်း၏ ဇနီး မြန်မာနိုင်ငံသူ ဒေါ်စိုးစိုးစံ(ခ) နန်းစန္ဒီတို့ထံ MPU တစ်ကတ်လျှင် တစ်သိန်းကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချ ခဲ့ကြောင်းသိရှိရသဖြင့် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့ကို ဒီဇင်ဘာ (၁၆)ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံသားအား စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းနှင့်အတူ သူငယ်ချင်းဖြစ်သူ အခြားနိုင်ဂျီးရီးယားနိုင်ငံသား(၁)ဦးတို့ ပူးပေါင်းဆောင်ရွက် ကြောင်း၊ ၎င်း၏ သူငယ်ချင်းဖြစ်သူသည် ဒီဇင်ဘာလ (၅) ရက်နေ့က Relief Flight ဖြင့် ရန်ကုန်မှ မလေးရှားသို့ ထွက်ခွာသွားကြောင်း၊ ရဲတပ်ဖွဲ့မှ လေဆိပ် ဝင်/ထွက်မှတ်တမ်းများ စိစစ်ချက်အရ ထွက်ခွာသွားသည်မှာ မှန်ကန်ကြောင်း၊ လိမ်လည်ပုံ စိစစ်ချက်အရ Online မှတစ်ဆင့် ၎င်းတို့သည် ယုံကြည်လွယ်သူ ပစ်မှတ်များ ရှာကြောင်း၊ ယခု အကြောင်းပြဖြစ်စဉ်အပါအဝင် အကြောင်းအရာ အမျိုးမျိုးဖြင့် ယုံကြည်အောင် စည်းရုံးပြောဆိုကြောင်း၊ ဖုန်းဆင်းကတ် အမျိုးမျိုးဖြင့် နံပါတ်အမျိုးမျိုးတို့ကို အသုံးပြုကြောင်း၊ တစ်ဖက်သူ ယုံကြည် လာလျှင် ၎င်းတို့ လက်ဝယ်ရှိ MPU ကတ်နံပါတ်များနှင့် သက်ဆိုင်ရာ ဘဏ်များသို့ ငွေလွှဲခိုင်းကြောင်း၊ အမျိုးသမီးဖြစ်သူ ဒေါ်စိုးစိုးစံ (ခ) နန်းစန္ဒီက အမျိုးသမီးအသံများဖြင့် ဖုန်းဆက်သွယ်ပြောဆိုကြောင်း ပေါ်ပေါက်ခဲ့သည်။

ကနဦး စိစစ်ချက်များအရ ၎င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း (၁၅)ဦး၊ ဇူလိုင်လ အတွင်း (၁၈)ဦး၊ ဒီဇင်ဘာလအတွင်း (၁၈)ဦးတို့ကို ပစ်မှတ်ထားကာ ဆောင်ရွက်ခဲ့ကြောင်း၊ အချို့ ငွေလွှဲပေးသူများရှိသလို လွှဲမပေးသူများလည်း ရှိကြောင်း၊ ယုံကြည်၍ငွေလွှဲပေးပြီးနောက် လိမ်လည်ခံရသူများမှ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် အမှုဖွင့်ထားမှုများကို ရဲတပ်ဖွဲ့မှတ်တမ်း များအရ စိစစ်ရာ နေပြည်တော်၌ (၁)မှု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ (၁)မှု၊ တနင်္သာရီတိုင်း ဒေသကြီး၌ (၁)မှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ (၁)မှု၊ ကချင်ပြည်နယ်၌ (၂)မှု၊ မန္တလေးတိုင်းဒေသကြီး (၂)မှု၊ မွန်ပြည်နယ် (၂)မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၀)မှု၊ ရှမ်းပြည်နယ်တွင် (၅)မှု ရှိကြောင်း တွေ့ရှိရသည်။

၎င်းတို့ကို ဖမ်းဆီးချိန်၌ နေအိမ်အတွင်းမှ ဘဏ်ပြေစာ (၄၁)ရွက်၊ ဘဏ်စာအုပ် မျိုးစုံ (၂၅)အုပ်၊ MPU ကတ်မျိုးစုံ (၅၇)ကတ်၊ ဖုန်း (၉)လုံး၊ Laptop (၁)လုံး၊ ငွေကျပ်သိန်း (၁၀၀)ကျော်၊ လေယာဉ် လက်မှတ် (၁)စောင်၊  လေယာဉ် Booking စာရွက် (၃)ရွက်နှင့် Memory Stick (၃)ခုတို့ သိမ်းဆည်း ရမိခဲ့ပြီး လိမ်လည်ရရှိငွေများကို လက်ရှိအချိန်၌ ခွဲဝေသုံးစွဲပြီးဖြစ်ကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဆိုင်ခန်းငှားရမ်း၍ ဒေါ်စိုးစိုးစံ(ခ)နန်းစန္ဒီ မှ စတိုးဆိုင်တစ်ခု တည်ထောင်ရင်းနှီးထားကြောင်း ပေါ်ပေါက်ခဲ့ပြီး နိုင်ဂျီးရီးယားနိုင်ငံသားများ ပါဝင်ပတ်သက်နိုင်သည့် အလားတူဂိုဏ်းများ လည်း ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့ကသံသယရှိသဖြင့် ဆက်လက်စစ်ဆေး နေကြောင်းနှင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုဖော်ထုတ်ရရှိသည့်ဖြစ်စဉ်တွင် ငွေလွှဲခိုင်းသူတရားခံမှ MPU ကတ်၏ Account နံပါတ်ကိုဖော်ပြပေးပို့ကာ ၎င်း Account သို့ ငွေလွှဲထည့်ခိုင်း ကြောင်း၊ နစ်နာသူတရားလိုမှ ၎င်း လွှဲပေးသည့် Account နံပါတ်၊ ရက်စွဲ များကို တိကျစွာ ပြောဆိုပူးပေါင်းပါဝင်နိုင်သဖြင့် စုံစမ်း ဖော်ထုတ်နိုင်မှု မြန်ဆန်ခဲ့ကြောင်း တွေ့ရှိရသည်။ ပြည်သူလူထုအနေဖြင့် ဖြစ်စဉ် အခြေအနေကို သိရှိထားပြီး ဆင်ခြင်သုံးသပ်နိုင်ပါရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပေး ဖော်ပြထားသည်။

#ရဲဇာနည်