နေပြည်တော် ဒီဇင်ဘာ ၂၃
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အရာထမ်းများအား အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့် လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခမ်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သင်တန်းနည်းပြများ၊ ဝန်ကြီးဌာနမှ သင်တန်းနည်းပြများ၊ အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာန အရာထမ်းများ တက်ရောက်ကြသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ယခုဖွင့်လှစ်သည့်သင်တန်းသည် အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များ၏ ဆိုလိုချက်များကို သိရှိရန်၊ ပြင်ဆင်သည့်ဥပဒေတွင် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုနှင့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုအဖြစ်ခွဲခြား သတ်မှတ်ထားခြင်းကြောင့် အငြင်းပွားမှုများအား ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြားသိရှိစေရန်၊ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို သိရှိနားလည်မှုရှိစေရန်နှင့် ဆက်စပ်ဌာနများ၏ စည်းကြပ်ဆောင်ရွက်နေသော ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်မှုရှိစေရန်နှင့် ရုံးလုပ်ငန်းများစနစ်တကျဆောင် ရွက်စေရန် TOT စနစ်ဖြင့် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်ရှင်၊ အလုပ်သမားများသို့ထပ်ဆင့် အသိပညာပေး ဆွေးနွေးစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။
လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းကို ရက်သတ္တပတ် (၅) ပတ်အတွင်း Online ဖြင့်သင်ကြားပို့ချ သွားမည်ဖြစ်ပြီး အလုပ်သမားဥပဒေများ၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့် နည်းဥပဒေများတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ လုပ်ငန်းစွမ်း ဆောင်ရည် မြှင့်တင်သည့် သင်တန်းများပြုလုပ်ခြင်းဖြင့် မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေသော တာဝန်ခံအရာရှိများသည် အငြင်းပွားမှုအား လက်တွေ့အကောင်အထည်ဖော် ဖြေရှင်း ဆောင်ရွက်ရာတွင် နားလည်မှုလွဲမှားသည့် ဖြစ်စဉ်များ ကင်းဝေးစေမည်ဖြစ်သည့်အပြင် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး အသိပညာပေးသင်တန်းများ ပြုလုပ်ခြင်းဖြင့် အလုပ်ရှင်နှင့်အလုပ်သမားအကြား ဆက်ဆံရေးတိုး တက်ကောင်းမွန်လာနိုင်မည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ပဋိပက္ခဖြစ်ပွားမှုများ လျော့နည်း၍ ကောင်းမွန်သော လုပ်ငန်းခွင် အခြေအနေများကို ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပါကြောင်း။
အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ အထက်အဆင့်ဆင့်သို့ တက်ရောက်မှု နည်းပါးစေရေးနှင့် အောက်ခြေအဆင့်တွင် အမှုများပြီးပြတ်မှုရှိစေရေးအတွက် မြို့နယ်အဆင့် ညှိနှိုင်းဖျန်ဖြေရာတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ လိုလားချက်များအပေါ် အတတ်နိုင်ဆုံး ဖျန်ဖြေညှိနှိုင်းခြင်းဖြင့် လည်းကောင်း၊ WCC တွင် ဆွေးနွေးညှိနှိုင်းမှု ပိုမိုလုပ်ဆောင်ခြင်းနှင့် WCC တိုးမြှင့်ဖွဲ့စည်းနိုင်ရေး အလေးထား တွန်းအားပေးဆောင်ရွက်ခြင်းဖြင့်လည်းကောင်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်တွင် အမှုတွဲလွှဲပြောင်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး လိုအပ်ပါက သက်ဆိုင်ရာ ဌာနများမှ ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ရန်နှင့် အလုပ်သမားများအနေဖြင့် အလုပ်ရှင်၏ စီမံ ခန့်ခွဲမှုအရ လုပ်ဆောင်ပေးရမည့်အချက်များကို တောင်းဆိုသည့် ကိစ္စရပ်များဖြစ်ပါက ပြေငြိမ်းမှုရရှိစေရန်အတွက် WCC တွင် ညှိနှိုင်းစေပြီး ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံ အရာရှိများက ပေါင်းစပ်ဖြေရှင်း ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အရာထမ်းများအနေဖြင့် မိမိစည်းကြပ်သော နယ်မြေများမှ အငြင်းပွားမှုများ ဖြေရှင်းရာတွင် လုပ်ငန်းခွင်အဆင့်နှင့်မြို့နယ် အဆင့်၌ အောင်မြင်မှုရရှိစေရန် ကြီးကြပ်ဆောင်ရွက် ရမည်ဖြစ်ပြီး မိမိတို့အရာထမ်းများအနေဖြင့် တာဝန်သိမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှု၊ စွမ်းဆောင်ရည်ရှိမှု၊ ခိုင်မာကောင်းမွန်သည့် စည်းမျဉ်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက် တတ်မှုနှင့် ကိုယ်ပိုင်အရည်အသွေးများရှိအောင် နေထိုင်ကျင့်ကြံဆောင်ရွက်ပြီး နိုင်ငံတော်၏ အကျိုးကို ထိထိရောက်ရောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် နိုင်ငံသားများဖြစ်အောင် ကြိုးပမ်းအား ထုတ်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)