ဘားအံ ဒီဇင်ဘာ ၂၃
ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ကရင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကိုယ်တိုင် ဦးစီးဆောင်ရွက်လျက်ရှိပြီး UNESCO တင်သွင်းရန် အဆိုပြုထားသော ဒုံးအကနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ရာတွင် ကရင် တစ်မျိုးသားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ Online Meeting ဆွေးနွေးပွဲကို ကျင်းပသည်။
အဆိုပါ Online Meeting ဆွေးနွေးပွဲသို့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်အဆင့် အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ကရင်ရေးရာကော်မတီများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ သုတေသနလုပ်ငန်းဆိုင်ရာ ဆပ်ကော်မတီများ တက်ရောက်ခဲ့ကြပြီး ကရင်ရိုးရာဒုံးအကကို UNESCO သို့ တင်သွင်းရာတွင် ကရင်တစ်မျိုးသားလုံး ပူးပေါင်းပါဝင်လာနိုင်ရေးကို online တစ်ဆင့် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ပြီး ကရင်ရိုးရာဒုံးအကနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်နေကြသော ကကြိုး ကကွက် သုတေသန၊ တေးအင်္လကာသုတေသန၊ တူရိယာ သုတေသန၊ ရိုးရာသင်တိုင်းအဆင်သုတေသန၊ ဓါတ်ပုံ ဗီဒီယိုမှတ်တမ်း၊ စာပေယာဉ်ကျေးမှု အစရှိသည့် အဖွဲ့ (၅) ဖွဲ့မှ ကွင်းဆင်း သုတေသနပြုမှု မှတ်တမ်းများအား အဖွဲ့လိုက်ရှင်းလင်းဆွေးနွေးကြရာ Online Meeting ဆွေးနွေးပွဲသို့ တက်ရောက် လာကြသူက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။
UNESCO တင်သွင်းရန် အဆိုပြုထားသည့် ကရင်ဒုံးအကမှတ်တမ်းများ ပြည့်ပြည့်စုံစုံ ရရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ ကရင် တိုင်းရင်းသားများ ပူးပေါင်းပါဝင်လာစေလိုပြီး ကရင်ပြည်နယ် အတွင်းမှာသာမက အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကရင်ဒုံးအကနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ပြည့်ပြည့်စုံစုံ တင်သွင်းသွားနိုင်ရန်အတွက် UNESCO သို့ အမည်စာရင်းတင်သွင်းမည့် အဖွဲ့ဝင် များက သွားရောက်ကွင်းဆင်းသုတေသန ပြုမှုမှတ်တမ်းတင်မည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)