Skip to main content

(၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

မြစ်ကြီးနား  ဒီဇင်ဘာ  ၂၃

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌သာ လူဦးရေအကန့်အသတ်ဖြင့်သာ ကျင်းပပြုလုပ်သွားမည် ဖြစ်သဖြင့် ဆပ်ကော်မတီ အသီးသီး အနေဖြင့် ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြရန် လိုကြောင်း မှာကြားသည်။

ယင်းနောက် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ကျင်းပရေး ဦးစီးကော်မတီ၊ ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြည်နယ်အနေ့ အထိမ်းအမှတ် အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆပ်ကော်မတီအသီးသီးမှ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဆပ်ကော်မတီအလိုက် လူဦးရေ အကန့်အသတ်ဖြင့် ဖိတ်ကြားနိုင်ရေးနှင့် အခမ်းအနားကို Social Distancing နှင့်အညီခင်းကျင်းပြင်ဆင် ဆောင်ရွက်ရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက် စစ်ဆေးမှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြမှုများအပေါ်  ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မ တီနှင့် ဆပ်ကော်မတီများ အကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ် (ပြန်/ဆက်)