သီပေါ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ စမ်းမာလာဥယျာဉ်အတွင်း ကွန်ကရစ်တံတားတည်ဆောက်နေသည့် လုပ်ငန်းခွင်အား ဒီဇင် ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးအောင်စည် နှင့် ကော်မတီဝင်များအား မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံရာတွင် စည်ပင်သာယာရေးဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး သီပေါမြို့ စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်စည်က ၂၀၁၉−၂၀၂၀ဘဏ္ဍာနှစ်အတွင်း လမ်းတံတားလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် အစိုးရ ရန်ပုံငွေ၊ ဖြည့်စွက်ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို Power Pointဖြင့် ရှင်းလင်း တင်ပြ၍ တာဝန်ရှိသူများက မြို့၏လိုအပ်ချက်များကို တင်ပြဆွေးနွေးကာ မြို့သာယာလှပရေးအတွက် ပေါင်းစပ်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)