မောတောင် ဒီဇင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မောတောင်မြို့ရှိ နယ်စပ်ဂိတ်တစ်ခုဖြစ်သော မောတောင် - စင်ခွန်နယ်စပ်ဂိတ်မှ ကုန်ပစ္စည်းများ တင်သွင်း၊ တင်ပို့မှုများကို ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းမှစတင်ကာ ထိုင်းနိုင်ငံဘက်က ယာယီ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပရကျွပ်ခီရီခန်ခရိုင် တာဝန် ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက ပရကျွပ်ခီရီခန်ခရိုင် ကိုဗစ် - ၁၉ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ၏ အထူးအရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက်အရ လက်ရှိ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်တွင် ကူးစက်ပြန့်ပွားလျက် ရှိတဲ့ ကိုဗစ် - ၁၉ အခြေအနေက ပရကျွပ်ခီရီခန်ခရိုင်နဲ့ တိုက်ရိုက်ဆက်စပ်လျက်ရှိနေတဲ့ အနေအထားဖြစ်ပြီး စင်ခွန် - မောတောင် နယ်စပ်ဂိတ်ကနေ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှ ထွက်ရှိတဲ့ ရေထွက် ကုန်ပစ္စည်းတွေကို တိုက်ရိုက်တင်သွင်းနေပြီး ထိုင်းနိုင်ငံ၏ အဓိကရေလုပ်ငန်း နဲ့ပတ်သက်တဲ့ စက်ရုံအလုပ်ရုံများနဲ့ ငါးလေလံဈေးကြီးတည်ရှိရာ မဟာ ချိုင်ဒေသ၊ စမွတ်ဆာခွန်ခရိုင်သို့ နေ့စဉ်ကုန်တင်ယာဉ်များ အသွားအလာ ရှိနေတာကြောင့် ရောဂါဖြစ်ပွားရာဒေသများနဲ့ ပရကျွပ်ခီရီခန်ခရိုင်က တိုက်ရိုက် ဆက်စပ်လျက်ရှိတယ်လို့ ယူဆနိုင်ပါတယ် ’’ ဟု ပရကျွပ် - မြိတ်ညီအစ်မမြို့တော် များဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောသည်။
မြိတ်ခရိုင်တွင်ဖြစ်ပွားလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါကူးစက်မှုအခြေအနေများကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်တွင် ဖြစ်ပွား လျက်ရှိသော ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများအရ သော် လည်းကောင်း ထိတွေ့ဆက်စပ်မှုများကို ထိန်းချုပ်တားဆီးသောအားဖြင့် မြိတ်ခရိုင်နှင့် ကုန်သွယ်မှုပြုလုပ်လျက်ရှိသော ကုန်ပစ္စည်းများအားလုံးကို စင်ခွန်ဂိတ်မှ ဖြတ်သန်းတင်သွင်းခွင့် ယာယီဆိုင်းငံ့ထားရန် ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းကပြုလုပ်သည့် ပရကျွပ်ခီရီခန်ခရိုင် ကိုဗစ် - ၁၉ တာဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ၏ အထူးအရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။
ယခုလက်ရှိတွင် ကုန်ပစ္စည်းများကြိုတင်ရောင်းဝယ်ထားပြီးဖြစ်သည့် ကိစ္စရပ်များကို ထောက်ထားသောအားဖြင့် စင်ခွန်ဂိတ်မှကုန်ပစ္စည်းများ တင်သွင်း၊ တင်ပို့မှုကို ဒီဇင်ဘာ ၂၄ ရက် မွန်းတည့် ၁၂ နာရီအထိ ခွင့်ပြုပေးသွား မည်ဖြစ်ပြီး မွန်းတည့် ၁၂ နာရီနောက်ပိုင်းမှစ၍ ကုန်ပစ္စည်းများ ဝင်ထွက် သွားလာတင်သွင်း၊ တင်ပို့မှုများအားလုံးကို အကန့်အသတ်မရှိယာယီဆိုင်းငံ့ သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)