ပုသိမ် ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကျန်းမာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီခွဲက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ပုသိမ်မြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာန ရန်ပုံငွေဖြင့် အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၅)မှ တာဝန်ယူ ဆောင်ရွက် လျက်ရှိသော ပုသိမ်မြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူဆေးရုံကြီး ၉ ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပုသိမ်မြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင်ရှိ အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက ဆေးရုံကြီး ၉ ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးသည်။
၎င်းနောက်ဝန်ကြီးချုပ်က တာဝန်ရှိသူများ ကို အရည်အသွေးကောင်းမွန်၍ စံချိန်စံညွှန်းပြည့်မီသော အဆောက်အဦတစ်ခု ဖြစ်စေရေး၊ ပြည်သူများအား ဆေးကုသရာတွင်အဆင်ပြေချောမွေ့သော အဆောက်အဦတစ်ခု ဖြစ်စေရေး၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများယိုဖိတ်ဆုံးရှုံးမှုမရှိစေရေးနှင့် အလေ့အလွင့် မရှိစေရေးတို့အား အလေးထားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ပြည်သူ့ဆေးရုံကြီးအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)