ပုသိမ် ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွှားမှုလျော့နည်း ပပျောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ၁၄:၀၀ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆၈/၂၀၂၀)အား ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် ကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးဦးနေဝင်းနှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင် အစည်းအဝေးမှတ်တမ်းအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ ဆွေးနွေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား/ပျောက်ကင်းမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ယာယီဆေးရုံ ဖွင့်လှစ်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြသည်။
၎င်းနောက် ကော်မတီဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာန ဆိုင်ရာများက (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ် သက်၍ တိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်၊ မြို့နှင့် ရပ်/ကျေး အဆင့်အထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ရှေ့ဆက်ထပ်မံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
တိုင်းဒေသကြီးအတွင်း (၂၁-၁၂-၂၀၂၀)ရက်နေ့ နံနက်(၀၈:၀၀)အချိန်ထိ (COVID-19)ရောဂါ ကူးစက်ခံရသူ လူနာ စုစုပေါင်း(၄၀၃၂)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၃၃၃၈)ဦး၊ ကုသဆဲ(၆၆၁)ဦးနှင့် သေဆုံးသူ(၃၃)ဦးတို့ဖြစ်ပြီး သေဆုံးသူများ သည်အခြေခံ ကျန်းမာရေးအားနည်းသူများ ဖြစ်ကြောင်းသိရသည်။
မောင်မောင်မြင့်(ပြန်/ဆက် )