ဒီးမော့ဆို ဒီဇင်ဘာ ၂၂
ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကို၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီခွဲက ဒီးမော့ဆိုမြို့နယ် ဒေါငံခါး ကျေးရွာ ချမ်းမြေ့ရိပ်သာ သက်ကြီးသီလရှင်ကျောင်းအတွက် အလှူငွေများ သွားရောက် လှူဒါန်းပြီး ခရစ္စမတ်အကြို ဂုဏ်ပြုဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချမ်းမြေ့ရိပ်သာ သက်ကြီးသီလရှင်ကျောင်းမှ စစ္စတာရ်များက ဆုတောင်းမေတ္တာ ပို့သခြင်း၊ ခရစ္စမတ်တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုခြင်း၊ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကို က ခရစ္စမတ် အထိမ်းအမှတ် ကိတ်ခွဲခြင်းများ ဆောင်ရွက်ပြီး စစ္စတာရ် ဒေါမိနစ်မြသန်းက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။
ဆက်လက်၍ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကိုက အမှာစကား ပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များအပေါ် အလေးထားဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လူမျိုး၊ ဘာသာ မခွဲခြားဘဲ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ယနေ့ ချမ်းမြေ့ရိပ်သာ သက်ကြီးသီလရှင် ကျောင်းသို့ လာရောက်ခြင်းသည် သက်ကြီးသီလရှင် ၄၅ ဦးအတွက် ဆွမ်းစားဆောင် ဆောက်လုပ်နိုင်ရန် အလှူငွေ လာရောက်လှူဒါန်းခြင်းနှင့် ခရစ္စမတ်လက်ဆောင် လာရောက် ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကိုက ဆွမ်းစားဆောင် ဆောက်လုပ်နိုင်ရန် အတွက် အလှူငွေကျပ် ၂၁၀ သိန်းကို ချမ်းမြေ့ရိပ်သာ သက်ကြီးသီလရှင်ကျောင်း တာဝန်ခံ မာသာရ်ကြီး ဂျိုးစဖင်းထံ ပေးအပ်ပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ကြီးသီလရှင် ၄၅ ဦးအတွက် ခရစ္စမတ် လက်ဆောင်များ ပေးအပ်ခဲ့သည်။
ယင်းနောက် တာဝန်ခံ မာသာရ်ကြီး ဂျိုးစဖင်း က ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများအား ခရစ္စမတ်လက်ဆောင်များ ပြန်လည်ပေးအပ်ပြီး ချမ်းမြေ့ရိပ်သာ သက်ကြီးသီလရှင် ကျောင်းမှ တည်ခင်းဧည့်ခံသော ခရစ္စမတ်အကြိုဂုဏ်ပြု နေ့လယ်စာကို အတူတကွ သုံးဆောင်ကြကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)