ဒီးမော့ဆို ဒီဇင်ဘာ ၂၂
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် တည်ဆောက်လျက်ရှိသော မြို့နယ်ခန်းမ အချိန်မီပြီးစီးရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ သယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကို နှင့် တာဝန်ရှိသူများသည် မြို့နယ်ခန်းမ အတွင်း၊ အပြင် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက် ပြီးစီးမှု အပေါ် လိုအပ်သည်များကို ကုမ္ပဏီမှ တာဝန်ရှိသူများအား အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက် ကြရန် လမ်းညွှန်မှာခဲ့သည်။
ဒီးမော့ဆိုမြို့နယ်ခန်းမသည် အလျား ၁၇၀ ပေ၊ အနံ ၁၀၉ ပေ၊ အမြင့် ၃၀ ပေ ရှိ RC နှစ်ထပ် ဖြစ်ပြီး ခန်းမကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မှစ၍ တည်ဆောက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခန်းမအတွက် ရန်ပုံငွေကျပ် ၇၇၀ ဒသမ ၃၄၈ သန်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ခန်းမဆောင်အတွက် လိုအပ်သော ပစ္စည်းများဝယ်ယူခြင်းရန် ရန်ပုံငွေကျပ် ၃၄၅ ဒသမ ၄၉၉ သန်း စုစုပေါင်း ရန်ပုံငွေကျပ် ၁၁၁၅ ဒသမ ၈၄၇ သန်းဖြင့် တည်ဆောက် လျက်ရှိကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကယားပြည်နယ်နေ့၌ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)