Skip to main content

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမများနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၁

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲခြင်းအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမများနှင့် ညှိနှိုင်းအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ကော်မတီနှင့် ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ ၂၁ ရာစုနည်း ပညာခေတ်နှင့် လိုက်လျော ညီထွေဖြစ်စေမည့် နည်းပညာ များဖြင့် အရည်အသွေးရှိသော ပညာရေးစနစ်ဖြစ်ထွန်းစေရန် ဆရာ ဆရာမများအားလုံး မိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ New Normal ပညာရေးစနစ်တွင် စိန်ခေါ်မှုများရှိလာခြင်းနှင့်အတူ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုများ ဖွံ့ဖြိုး တိုးတက်လာပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာဖြင့် တစ်သက်တာလေ့လာသင်ယူမှု အခွင့်အလမ်းများ မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့အစည်းများတွင်လည်း တစ်သားတည်းဖြစ်မှု၊ လိုက်လျောညီထွေ ပြုပြင်ပြောင်း လဲလွယ်မှု၊ ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ စုပေါင်အင်အားဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိရန် လိုအပ်ပါကြောင်း။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ ပညာရေးပြုပြင် ပြောင်းလဲမှု များကို ဆောင်ရွက်ရာတွင် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ် စေရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုမဆုံးရှုံးစေရေး ဟူသော မူဝါဒများအပေါ် အခြေခံကာ ကျောင်းသားလူငယ်များ ကမ္ဘာ့လူသားကောင်းဖြစ်လာစေရေး၊ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်ရေး၊ တာဝန်ယူမှုတာဝန်ခံမှု၊ ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးမှုအလေ့ အကျင့်ကောင်းများကို လေ့ကျင့်ပေးကြရမည်ဖြစ်ပါကြောင်း၊ အသုံးချ သုတေသနများမှ ရလဒ် ကောင်းများပေါ်အခြေခံ၍ သုတေသနဆွေးနွေးခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ နည်းပညာလွှဲပြောင်း ခြင်းများကို အဆင့်ဆင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု (Public Financial Management - PFM) အရည်အသွေးကို အခြေခံသည့် ယဉ်ကျေးမှုအားကောင်းရန် လိုအပ်ပါကြောင်း။

အမျိုးသားပညာ အရည်အချင်းအညွှန်းဘောင် (National Qualification Framework - NQF) သတ်မှတ်ချက်အရ စဉ်ဆက်မပြတ် အတတ်ပညာဖွံ့ဖြိုးတိုးတက်မှု (Continuous Professional Development)ကို အထောက်အကူ ဖြစ်စေပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးအတွက် ဆရာများ၏ ပညာရပ်ဆိုင်ရာ စွမ်းဆောင်မှုနှင့် စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု အရေးကြီးသကဲ့သို့ စီမံဝန်ထမ်းများ၏ အင်္ဂလိပ်စာစွမ်းရည်၊ အိုင်စီတီ နည်းပညာ စွမ်းရည်နှင့် ရုံးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်တို့ မြှင့်တင်ပေးရန် အရေးကြီးပါကြောင်း။

အရည်အသွေးအာမခံမှု၊ မူဝါဒဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ စံချိန်စံနှုန်းညီလုပ်ထုံး လုပ်နည်း (Standard Operating Procedure) များ ချမှတ်ကျင့်သုံးဆောင်ရွက်နေပါကြောင်း၊ ဒီဂျစ်တယ်နှင့် အွန်လိုင်းဘဏ် ဝန်ဆောင်မှုများကိုလည်း ချိတ်ဆက် အသုံးပြုရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ ကျောင်းများသည် သီအိုရီနှင့်လက်တွေ့ ပေါင်းစပ်သင်ကြားသင်ယူလျက် ပုဂ္ဂလိက စက်မှုလက်မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ကျောင်းသူ ကျောင်းသားများကို လုပ်ငန်းခွင် အသင့်ဝင်ရောက် နိုင်သူများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ပေးရန် လိုအပ်ပါ ကြောင်း၊ ကျောင်းသူ ကျောင်းသားများနှင့် သင်ယူသူများကို တစ်သက်တာသင်ယူမှု အခွင့်အလမ်း များ၊ ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များရရှိစေရန် ဆရာ ဆရာမ၊ ဝန်ထမ်းများ အားလုံးသည် မိမိသက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ညီညီညွတ်ညွတ်နှင့် စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်းနှင့် အခက်အခဲများ ဖြေရှင်းနိုင်ရေးအတွက် ဝေဖန်အကြံပြုချက်များကို ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။ 

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းကို မိတ်ဆက်ရှင်းလင်းကာ UNESCO IIEP က ဆောင်ရွက်ထားသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (Education Sector Analysis – ESA) အစီရင်ခံစာကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကဏ္ဍနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး က နည်းပညာနှင့် သက်မွေးပညာကဏ္ဍတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသူများက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ သိရှိလိုသည်များကိုလည်းကောင်း ရင်းနှီး ပွင့်လင်းစွာ မေးမြန်းအကြံပြု ဆွေးနွေးကြသည်။

 

(သတင်းစဉ်)