ပုသိမ် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့်ဆန်များ ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နေ့လယ်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဇနီး ဒေါ်ခင်နှင်းညိုမိသားစုက Volunteer ၁၃ ဦး၏ အထွေထွေ အသုံးစရိတ်အဖြစ် ငွေကျပ်(၁၃)သိန်း နှင့် Fever Clinic တွင် အသုံးပြုရန် ငွေကျပ်(၂)သိန်းကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး နယ်စပ်ပူးပေါင်းစစ်ဆေးရေးဂိတ်များဖြစ်သည့် ညောင်တုန်း(မဲဇလီဂိတ်)၊ မအူပင်(ခတ္တိယဂိတ်)၊ ဒေးဒရဲ၊ ကြံခင်း(အုတ်ပုံဂိတ်)၊ ရေကြည်(ရေနံသာဂိတ်)၊ ငရုတ်ကောင်းတောင်ဂိတ်နှင့်ချောင်းဝ ဂိတ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၆၀)၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရာ၌ ရောဂါကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း(၄၇)ဦး အတွက် တစ်ဦးလျှင်(၁)သိန်းကျပ်နှုန်းဖြင့် ငွေကျပ်(၄၇) သိန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းများ အတွက် ကိုရီးယားဆန်(၁၄၆)တန် တို့အား အလှူရှင်များက ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)