Skip to main content

လားရှိုးမြို့တွင် လားဟူတိုင်းရင်းသားများ (ပထမ) အကြိမ်စုပေါင်း နှစ်သစ်ကူးပွဲတော်အား ရှမ်းပြည်နယ် ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

လားရှိုး ဇန်နဝါရီ ၂၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် လားဟူတိုင်းရင်းသားများ (ပထမ)အကြိမ် စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယနေ့ နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့ မိုးလုံလေလုံအားကစားခန်းမတွင်ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယောသပ်၊ ဗမာတိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး  ဦးဒူဝါဇုတ်ဒေါင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဂူဆာ တို့က နှစ်သစ်ကူးပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အခမ်းအနား၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်နှစ်သစ်မင်္ဂလာဆုတောင်းစကား ပြောကြားခဲ့ပြီး ပွဲဖြစ်မြောက်ရေးကော်မတီထံသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ် (၃၀) သိန်းအားပေးအပ်ခဲ့ရာ ပွဲဖြစ်မြောက်ရေး တာဝန်ခံ ဦးကျာဘီးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးယောသပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းတို့က နှစ်သစ်ကူးမင်္ဂလာစကားများကို ပြောကြားခဲ့ကြပြီးနောက် နှစ်သစ်ကူးရိုးရာ ဂါရဝ လက်ဆောင်များကိုပေးအပ်ခဲ့ကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိသော မြို့နယ် (၈)မြို့နယ်မှ လားဟူတိုင်းရင်းသားများ စုပေါင်းကာ စည်းလုံးညီညွတ်စွာဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ လားရှိုး၊ နောင်ချို၊ သီပေါ၊ ဟိုပန်၊ မိုင်းရယ်၊ တန့်ယန်း၊ ပြင်ဦးလွင်၊ သိန္နီစသည့် မြို့နယ်များမှ လားဟူတိုင်းရင်းသားများ၊ တွဲဘက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ပြီး အခမ်းနားတွင် လားဟူတိုင်းရင်းသားများ၏ ရိုးရာ ခေါပုတ်ထောင်းခြင်း၊ ဂျင်ပေါက်ခြင်း၊ ပန်းပေါက်ခြင်း စသော ဓလေ့ထုံးတမ်းများကို ဖော်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း၌ လားဟူတိုင်းရင်းသားလူမျိုးများ (၅၀၀၀၀) ဦး ကျော်ခန့် နေထိုင်ကြကြောင်း သိရှိရသည်။

ဟန်ဌေး(လားရှိုး)