Skip to main content

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်"ပြည်သူ့ပရဟိတ ဆေးရုံသစ်ကြီး "ပန္နက်တင်ခြင်းသို့တက်ရောက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှု ၊ ပြည်သူလူထု၏ ထည့်ဝင်လှူဒါန်းမှုတို့ဖြင့် We Love Yangon လူထုအခြေပြု ပရဟိတအသင်းမှ ဦးဆောင်တည်ဆောက်သွားမည့် " ပြည်သူ့ပရဟိတ ဆေးရုံသစ်ကြီး " ပန္နက်တင်မင်္ဂလာကို ယမန်နေ့ နံနက်  ၇ နာရီခွဲတွင်အဆိုပါဆေးရုံတည်ဆောက်မည့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၊ ၁၄၆ ရပ်ကွက် ၊ လှော်ကား လမ်းနှင့် သိန်းတစ်ရာလမ်းထောင့်တွင် ကျင်းပသည်။

ရှေးဦးစွာ မင်္ဂလာအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခဒေါက်တာ ဇော်ဝေစိုးနှင့်လွှတ်တော်ကိုယ်စားလှယ်များက သတ်မှတ်နေရာများတွင် ပန္နက်တင်ပေးကြသည်။ ထို့နောက် ဆေးရုံတည်ဆောက်မည့် စီမံကိန်းအားရှင်းလင်းဆောင်တွင် တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှပြန်လည် ဆွေးနွေးပြီး အလှူရှင်များ၏အလှူငွေ လှူဒါန်း မှုများကို လက်ခံရယူပေးပြီးကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် နံနက် ၉နာရီခန့်တွင်အလုံမြို့နယ် ၊ စောရန်ပိုင် အနောက်ရပ်ကွက် ၊ အာသာဝတီလမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ အလုံမြို့နယ်ဦးစီးမှူးရုံး ၊ ရုံးသစ်အဆောက်အဦးဖွင့်ပွဲသို့ တက်ရောက် သည်။

ရှေးဦးစွာရုံးသစ်အဆောက်အဦအားဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့မဖဲကြိုးဖြတ်၍ ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ကာဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရုံးအဆောက်အဦအား အမွှေးနံ့သာရည်ပက်ဖြန်းပေးပြီး ရုံးသစ်အတွင်းလှည့်လည် ကြည့်ရူ့ကြသည်။ဆက်လက်၍ ဝန်ကြီးချုပ်နှင့်လွှတ်တော်ဥက္ကဋ္ဌတို့ က အမှာစကားများပြောကြားကြသည်။ ယင်းနောက်   Lion  King Group Co ; Ltd Chairman ဦးဝင်းထွန်းစိုးမှ ရုံးသစ်အဆောက်အဦဆိုင်ရာအချက်အလက်များကိုရှင်းလင်းတင်ပြသည်။

အဆိုပါရုံးသစ်အဆောက်အဦအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ဝန်ထမ်းအိမ်ရာ ပါတွဲလျက် အခန်း ခြောက်ခန်းရှိလေးထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန် /ဆက်)