ဟားခါး ဒီဇင်ဘာ ၁၈
ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
အမှာစကားပြောကြားရာတွင် ချင်းပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြသည့် ကော်မတီအသီးသီးတွင် ပါဝင်ကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပြည်သူများအား အထူးကျေးဇူးတင်ရှိကြောင်း၊ ချင်းပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိမှု ပိုမိုလာသည့် အတွက် ဆက်လက်အရှိန်အဟုန်အမြှင့် ဆောင်ရွက်ပေးကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ ထုတ်ပြန်ကြေညာချက်များကို ပြည်သူများ အထူးဂရုပြု လိုက်နာပေးကြရန်များ ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးကော်မတီအတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း ချင်းပြည်နယ်အတွင်း နယ်စပ်ဂိတ်အဝင်အထွက်များ၊ မြို့နယ်များအတွင်း မြို့ဝင်၊ မြို့ထွက် ဆောင်ရွက်ထားမှု အခြေနေများကိုလည်းကောင်း၊ ကျန်းမာရေးနှင့် Volunteer ကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ပြည်နယ်ပြည်သူ့ ကျန်းမာရေး၊ ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်ငွေစံက ချင်းပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိမှု အခြေအနေများ၊ ကာကွယ်ထိန်းချုပ်ရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို လည်းကောင်း၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ သယ်ယူပို့ဆောင်ရေး ကော်မတီအတွင်းရေးမှူး ပြည်နယ်ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်က ချင်းပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေး ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးစစ်ဆေးမှု အခြေအနေများ၊ ပြည်ပမှ ပြန်လည်ဝင်ရောက် လာသူများအား သယ်ယူပို့ဆောင်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး များက ဟားခါးခရိုင်၊ မင်းတပ်ခရိုင်နှင့် ဖလမ်းခရိုင်အတွင်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ သက်ဆိုင်ရာ ကော်မတီအသီးသီးမှ ရှင်းလင်း ဆွေးနွေးကြရာ ဆွေးနွေးချက်များအပေါ် ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တို့က ဖြည့်စွက်ရှင်းလင်း ဆွေးနွေး ပေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်း ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ချင်းပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် မတ်လ (၂၀) ရက်နေ့မှ ဒီဇင်ဘာ (၁၄) ရက်နေ့အထိ Swab (RDT,PCR) စစ်ဆေးသူပေါင်း (၁၅၈၅၀) ဦး၊ စစ်ဆေးသူများမှ ရောဂါပိုးတွေ့ရှိသူပေါင်း (၁၇၈) ဦး၊ လက်ရှိဆေးရုံတက်သူ (၅၀) ဦး၊ ဆေးရုံဆင်းသူ (၁၁၃) ဦး၊ သေဆုံးသူ (၁) ဦး၊ ပြည်နယ်၊ တိုင်းခြားလွှဲပြောင်း ဆေးကုသသူ (၁၄) ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး၊ ကုသရေး ဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။
အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)