တောင်ကြီး ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး မြို့စည်ပင်သာယာရေးမှဆောင်ရွက်နေသော ကတ္တရာကွန်ကရစ်ဖျော်စက် တည်ဆောက်မည့် နေရာအား ယမန်နေ့ ညနေ(၃)နာရီက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လားရှိုးမြို့နယ် စည်ပင်သာယာရေးမှ တာဝန်ရှိသူတစ်ဦးက အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆက်စပ် လုပ်ငန်းများ အစီအစဉ် (ပထမ) အဆင့်ဖြစ်သည့်မြေနေရာအားမြေဖြတ်၊ မြေညှိခြင်း၊ မြေနေရာတွင် လမ်းဖြတ်တံတား (၂)စင်း ပြုလုပ်ခြင်း၊ ဝန်ထမ်းအစောင့်နေအိမ်(၁)ထပ် တည်ဆောက်ခြင်း၊ ဘိလပ်မြေဂို ဒေါင်ရုံ(၁)ထပ် တည်ဆောက်ခြင်း၊ ကတ္တရာ ကွန်ကရစ် ဖျော်စက် မြေနေရာအဝင်၊ အထွက်လမ်းကွန်ကရစ်ခင်းခြင်း၊ စက်ရေတွင်း တူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက် လိုင်းသွယ်တန်းခြင်း၊ ဂါလံ(၅၀၀၀) ဆံ့ရေလှောင်ကန် တည်ဆောက်ခြင်း၊ ကတ္တရာကွန်ကရစ်ဖျော်စက် မြေနေရာခြံစည်း ကာရံခြင်းနှင့် သံပန်းတံခါး တပ်ဆင်ခြင်း၊ လုပ်ငန်းသုံးပစ္စည်းစုပုံရန် ကွန်ကရစ်ခင်းခြင်းစသည့်လုပ်ငန်းများအား ရှင်းလင်းခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က လုပ်ငန်းနှင့် ပတ်သက်သည့် လိုအပ်ချက်များ ဖြည့်စွက် မှာကြားပြီး ကတ္တရာကွန်ကရစ်ဖျော်စက် တည်ဆောက်မည့်နေရာအား သွားရောက် ကြည့်ရှုကြောင်းသိရသည်။
အဆိုပါကတ္တရာကွန်ကရစ်ဖျော်စက် ကိုထွန်းနေဝင်းကုမ္ပဏီမှ ဆောင်ရွက်မည့်ဖြစ်ပြီး လုပ်ငန်းအားလုံးကို ၂၀၂၁ခုနှစ် ဇန်နဝါရီလအကုန်တွင် လည်ပတ်နိုင်မည်ဖြစ်ကြောင်းနှင့် နည်းပညာပိုင်းကို ကုမ္ပဏီမှဆောင်ရွက်ပေးမည်ဖြစ်ပြီး ကတ္တရာ ကွန်ကရစ် ဖျော်စက်သည် အိန္ဒိယစက် အမျိုးအစားဖြစ်ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)