Skip to main content

မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော် ရေးဆိုင်ရာ ဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည် ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့ နံနက် ၁၀  နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူညီချက်များအရ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဇုန်အတွက် မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများ က တာဝန်ရှိသူများ ပါဝင်သော ဒေသအဆင့်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားခဲ့ရာ ၎င်းအဖွဲ့အနေဖြင့် နှစ်နိုင်ငံ ချိတ်ဆက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးများကျင်းပခဲ့ကြောင်း၊ မြန်မာဘက် ပူးပေါင်းဆောင်ရွက်မှု ဇုန် တည်နေရာနှင့် ဧရိယာ သတ်မှတ် တင်ပြနိုင်ရေးအတွက် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဇုန်၏ မြေယာ အသုံးချခွင့်ရရှိရေးအတွက် သတ်မှတ် လုပ်ထုံး လုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်း၍ ဆောလျင်စွာ စိစစ်ဆောင်ရွက် ပေးရန်ဖြစ်ပါကြောင်း၊ ဧရိယာသတ်မှတ်ပြီးမှသာ ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး ဆိုင်ရာ မူဘောင် သဘော တူညီချက်ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခြင်းအပါအဝင် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် လုပ်ငန်းစဉ်အားလုံး မြန်ဆန်ချောမွေ့စေ ရေးအတွက် ဗဟိုကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ဒုတိယဥက္ကဋ္ဌ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ဗဟိုကော်မတီ အဖွဲ့ဝင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်း၊ ဗဟိုကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဗဟိုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက မြန်မာဘက်မှ ပူးပေါင်းဆောင်ရွက်မှုဇုန် တည်နေရာနှင့် ဧရိယာသတ်မှတ်တင်ပြနိုင်ရေးအတွက် ကွင်းဆင်းလေ့လာမှုဆောင်ရွက်ခဲ့သည့် အခြေအနေကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည်ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)