နေပြည်တော် ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ စစ်ဆေး အကဲဖြတ်သူများအဖြစ် အတည်ပြု ခန့်ထားနိုင်ရေး Online ဖြင့် ပို့ချသော Assessor Methodology Online Training (10th Batch)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နေဆဲ ကာလအတွင်း မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့၏ စစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မပြတ်တိုးတက်စေရေး စစ်ဆေးအကဲဖြတ်သူများ အဖြစ် ဆောင်ရွက်ရန်၊ သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ၊ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ၊ စီးပွားရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီတို့မှ ရွေးချယ် အဆိုပြုထားသောကျွမ်းကျင်သူ များအား Assessor Methodology Training ကို Online ဖြင့် ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း။
New Normal နှင့်ကိုက်ညီသော Assessor Methodology Training များကို Online ဖြင့် ဖွင့်လှစ်ပို့ချပေးပြီး တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စစ်ဆေးအကဲဖြတ်သူ Assessor များ လုံလုံ လောက်လောက်ရရှိနိုင်ရေး အားထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် မေလ မှစတင်၍ အလုပ်အကိုင် (၂၃) မျိုးအတွက် ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ အလုပ်အကိုင် နယ်ပယ်မှ ကျွမ်းကျင်သူများကို NSSA ၏ စစ်ဆေးအကဲဖြတ်ရေး အရည်အသွေးများ၊ ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်း တာဝန်များကို သိရှိနားလည်စေရန် ယခု ကဲ့သို့ Assessor Methodology Training များကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း။
NSSA ၏ စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်ဆောင်ရွက်မှုသက်တမ်း (၇) နှစ်ရှိလာပြီဖြစ်သဖြင့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီများ၊ ကျွမ်းကျင် သူ အဖွဲ့အစည်းများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြု ရေးကော်မတီ နှင့်မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုနှင့်အတိုင်း အတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့၍ ပူးပေါင်းဆောင်ရွက်ကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးကို အသိအမှတ်ပြုကြောင်း အလေးထား ပြောကြားခဲ့ကြောင်း၊ NSSA သည်အရည်အသွေး စီမံခန့်ခွဲမှု စနစ်အတွက် ISO 9001:2015 လက်မှတ်ရရှိထားသဖြင့် ဆောင်ရွက်မှု လုပ်ငန်းစဉ်တိုင်းတွင်ISO သတ်မှတ် Form များ အသုံးပြု ဆောင်ရွက်နေကြောင်း၊ ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် အရည်အသွေးပြည့်မီမှုရှိခြင်း၊ လုပ်ငန်းအကြောင်း နားလည်နှံ့စပ်သိရှိမှု၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆိုင်ရာအထောက်အထားများ စနစ်တကျထားရှိခြင်း စသည့် ISO သတ်မှတ်ချက် များနှင့်အညီ လုပ်ကိုင်နိုင်ရန်အရေးကြီးကြောင်း၊ NSSA သည် မြန်မာနိုင်ငံ အတွင်းရှိ လုပ်သားထုကြီးအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ပြီး သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် ရရှိစေရေးကို ဦးတည်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ထို့အပြင် NSSA သည် ရွှေ့ပြောင်း လုပ်ကိုင်သူ ကျွမ်းကျင်လုပ်သားများ အကျိုးအတွက် အာဆီယံ နိုင်ငံများအတွင်း ကျွမ်းကျင်မှု အပြန်အလှန် အသိအမှတ်ပြုနိုင်ရေး ပါဝင်ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံ၊ အလုပ်သမား ဝန်ကြီးဌာနနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
လက်ရှိမြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း လုပ်သားအင်အား ၂၂ သန်းကျော်ရှိရာ NSSA အနေဖြင့် အလုပ်အကိုင် ၃၀ မျိုးအတွက် ကျွမ်းကျင်လုပ်သား ၁၆,၅၁၉ ဦးကိုသာ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး ဖြစ်သော်လည်း လုပ်ငန်းခွင်အတွင်းရှိ လုပ်သားဦးရေနှင့် နှိုင်းယှဉ်လျှင် အလွန်နည်း ပါးနေသေးကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လုပ်သား ၃၀၀၀ ကို ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး ဆောင်ရွက်ရန် လျာထားသတ်မှတ်ထား သော်လည်း ကိုဗစ်ကပ် ရောဂါကြောင့် ကန့်သတ်မှုများ ရှိနေခြင်းကြောင့် အပြည့်အဝအကောင်အထည်ဖော်နိုင်ရန် New Normal နှင့်ကိုက်ညီသည့် စစ်ဆေး အကဲဖြတ်ရေးနည်းလမ်းများကို စမ်းသပ်ဖော် ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ ထို့ပြင် ယနေ့ခေတ်အခြေအနေအရ ကမ္ဘာ့အလုပ်အကိုင်များ ပြောင်းလဲလာပြီး နည်းပညာ ပြောင်းလဲမှုများကြောင့် အလုပ်အကိုင်မှာ လုပ်ကိုင် ရမှုပုံစံများ အသွင်ပြောင်းလာပြီး နယ်ပယ် အရပ်ရပ်မှာလည်း ကျွမ်းကျင်မှုလိုအပ်ချက်များ ပိုမိုမြင့်မားလာသည်ကို တွေ့ရသဖြင့် လုပ်သား များ Skills, Reskills, Upskills များ စဉ်ဆက် မပြတ်ဆောင်ရွက်ရမှာဖြစ်သလို Lifelong Learning စနစ် ဖြစ်အောင်ဆောင်ရွက်ရန် ရည်မှန်းချက်ထားပြီး လုပ်ဆောင်သွားကြရန် ဖြစ်ကြောင်း၊ ဒါ့အပြင်လုပ်သားများကို Green Skills အနေနဲ့ Green Job တွင် အလုပ် လုပ်ကိုင်နိုင်ရေး၊ ၂၁ ရာစုကျွမ်းကျင်မှုများ ရရှိစေရေး လိုအပ်သောကျွမ်းကျင်မှုများ သင်ကြား ပို့ချပေးရေးတို့ကိုလည်း အချိန်အခါနှင့်အညီ ဆောင်ရွက်ဖန်တီးပေးရန်လိုအပ်ကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပုံစံသစ်ပြောင်းလဲဆောင်ရွက်နေသောလက်ရှိကာလမှာ ကိုဗစ်-၁၉ အလွန်ကာလများအပါအဝင် ကျွမ်းကျင်လုပ်သားများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိနိုင်ရန် NSSA မှ အသိအမှတ်ပြုပေးသည့် အလုပ်အကိုင်အလိုက် အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို လုပ်သားများအား ပိုမိုပေးအပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ NSSA မှ တာဝန်ရှိသူများ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ (၁၃) ခုမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှ အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများနှင့် GIZ မှ တာဝန်ရှိသူများအပါအဝင် ဖိတ်ကြား ထားသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)