Skip to main content

Olympic council of Asia ၏ (၃၉) ကြိမ်မြောက် General Assembly အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၇

Olympic council of Asia ၏ (၃၉) ကြိမ်မြောက် General Assembly အစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက်က အိုမန်နိုင်ငံ၊ Muscat မြို့တွင် ဒေသစံတော်ချိန် နံနက် (၁၀) နာရီ၌ ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဘက်အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီရုံးအဖွဲ့၊ Senior Official Meeting of Sports Unit ရုံးအဖွဲ့တို့က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြပြီး အိုမန်နိုင်ငံ၊ Muscat မြို့၌ မြန်မာနိုင်ငံ အိုလံကော်မတီ ကိုယ်စားပြု ကူဝိတ်နိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးကိုယ်စားလှယ်သံမှူးကြီး ဦးကျော်ညွှန့်လွင် တက်ရောက်ခဲ့သည်။

အထွေထွေညီလာခံတွင် International Olympic Committee ဥက္ကဋ္ဌ Dr.Thomas Bach က ၂၀၂၀ ပြည့်နှစ်သည် ကမ္ဘာသူ၊ ကမ္ဘာ သားများအတွက် ခက်ခဲကြပ်တည်းသော နှစ်တစ်နှစ် ဖြစ်သော်လည်း မိမိတို့အားလုံး စည်းလုံးညီညွတ်စွာ ဖြတ်ကျော်ရမည် ဖြစ်ပါကြောင်း၊ Covid-19 Pandemic ကာလအတွင်း မိမိတို့ International Olympic Committee (IOC) နှင့် World Health Organization (WHO) တို့ ပူးပေါင်း၍ ကမ္ဘာသူ/ကမ္ဘာသားများ၏ ကျန်းမာကြံ့ခိုင်ရေး အတွက် ဆောင်ရွက် ကြရန် သဘောတူ ညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါကြောင်း၊ Tokyo 2020 Organizing Committee ၊ ဂျပန်နိုင်ငံအားကစား အဖွဲ့အစည်း များနှင့် ဂျပန် ပြည်သူလူထုကလည်း ယခု ကိုဗစ်-၁၉ ကာလ အခက်အခဲများကြား၌ ကြံ့ကြံ့ခိုင်၍ အိုလံပစ် ပြိုင်ပွဲကျင်းပရေး ရည်ရွယ်ချက်ကို လက်မလျော့ပဲ လုပ်ဆောင်နေမှုများကို မိမိတို့ အားလုံးက လှိုက်လှဲစွာ အသိအမှတ်ပြုပါကြောင်း၊ ဆက်လက်၍ ကျင်းပကြမည်ဖြစ်သော နွေရာသီ အိုလံပစ် အားကစား ပြိုင်ပွဲများဖြစ်သည့် Paris 2024၊ Los Angeles 2028 နှင့် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲများ ဖြစ်သည့် Beijing 2022 ၊ Milano-Cortina 2026 ပြိုင်ပွဲတို့ကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလများတွင် မိမိတို့အားလုံးသည် New Normal လူနေမှုပုံစံအသားကျအောင် နေထိုင်ကြမည် ဖြစ်သောကြောင့် ကျန်းမာ ကြံ့ခိုင်စွာနေထိုင်နိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းသည် များစွာ အရေးပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Olympic Council of Asia ၏ ဥက္ကဋ္ဌ Shiekh Ah-mad AI-Fahad AI-Sabah က Covid-19 Pandemic ကပ်ရောဂါ ကြောင့် Tokyo 2020 Olympic Games ပြိုင်ပွဲကြီးကို ရွှေ့ဆိုင်းခဲ့ရသည့်အပြင် ကမ္ဘာတစ်ဝန်းရှိ အားကစားဆိုင်ရာလှုပ်ရှားမှုများ ရပ်တန့်ခဲ့ရသဖြင့် မိမိတို့အားလုံး စိန်ခေါ်မှုအသစ်များ၊ လူနေမှုပုံစံ အသစ်များဖြင့် ကြုံတွေ့စေခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ 2030 Asian Games ကျင်းပမည့် အိမ်ရှင်နိုင်ငံ ရွေးချယ်ရေးအတွက် OCA Rules Committee ၏ သဘောတူညီချက်နှင့်အညီ OCA အဖွဲ့ဝင်နိုင်ငံ (၄၅) နိုင်ငံမှ ယခုညီလာခံသို့ NOC အသီးသီး၏ ကိုယ်စားလှယ်အဖြစ် လူကိုယ်တိုင်သော်လည်းကောင်း၊ Online မှသော် လည်းကောင်း ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားပါကြောင်း ပြောကြားသည်။

ဆက်လက်၍ 2030 Asian Games အတွက် အိမ်ရှင်နိုင်ငံအဖြစ် ကာတာနိုင်ငံ၊ ဒိုဟာမြို့နှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယတ်ဒ် မြို့တို့အနက်မှ တစ်နိုင်ငံအား ရွေးချယ်နိုင်ရေးအတွက် OCA အဖွဲ့ဝင်နိုင်ငံ (၄၅) နိုင်ငံများက ဆန္ဒမဲပေးခဲ့ကြပြီး 2030 Asian Games ကျင်းပရန် အိမ်ရှင်နိုင်ငံအဖြစ် ကာတာနိုင်ငံ၊ဒိုဟာမြို့ အရွေးချယ်ခံခဲ့ရပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရီယတ်ဒ်မြို့ အနေဖြင့် 2034 Asian Games အား လက်ခံကျင်းပ ခွင့်ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

ယင်းနောက် 2025 Asian Youth Games ပြိုင်ပွဲနှင့် စပ်လျဉ်း၍ ဥဇဘက်ကစ္စတန်နိုင်ငံ၊ တက်ရှ်ခန့်မြို့အား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် အတည်ပြု လက်မှတ်ရေးထိုး၍ ၂၀၂၁ ခုနှစ် ဧပြီ ၂ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် Sanya 6th Beach Games ပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင်ထားရှိမှုကို ယင်းပြိုင်ပွဲကျင်းပရေး ကော်မတီကလည်းကောင်း၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှ ၂၈ ရက်အထိ အထိကျင်းပမည့် Shantou 3rd Asian Youth Games နှင့်စပ်လျဉ်း၍ ကြိုတင် ပြင်ဆင်ထားရှိမှုကို ယင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီကလည်းကောင်း၊ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၂၅ရက်အထိ ကျင်းပမည့် Hangzhou 19th Asian Games ပြိုင်ပွဲနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်းထားရှိမှုကို ယင်းပြိုင်ပွဲ ကျင်းပရေးကော်မတီကလည်းကောင်း၊ ၂၀၂၁ ခုနှစ် မေ ၂၁  ရက် မှ ၃၀ ရက်အထိ ကျင်းပမည့် Thailand 6th Asian Indoor and Mortial Arts Games ပြိုင်ပွဲနှင့်စပ်လျဉ်း၍ ကြိုတင် ပြင်ဆင်ထားမှုများကို ယင်းပြိုင်ပွဲ ကျင်းပရေးကော်မတီကလည်းကောင်း ရှင်းလင်း၍ အသီးသီး တင်ပြခဲ့ကြသည်။

ထို့နောက် Olympic Council of Asia (OCA) ၏ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဇုံအလိုက် တာဝန်ခံ (၅) ဦးက ဇုံအလိုက် အားကစားဆောင်ရွက်နေမှုများအား တင်ပြခြင်း၊ Standing Committee အသီးသီးက ဆောင်ရွက်ချက်များကို တင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)