Skip to main content

တိုင်းဒေသကြီး ဝန်ကြီးချုပ် ပွင့်ဖြူမြို့နယ် စက်တန်းကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်

ပွင့်ဖြူ      ဒီဇင်ဘာ      ၁၇

ပွင့်ဖြူမြို့နယ် စက်တန်းကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါ ကျေးရွာလမ်းမုခ်ဦးရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို   တက်ရောက် ဖွင့်လှစ်ခဲ့သည်။

စက်တန်းကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းကို တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် (Cash for Work) စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ အခမ်းအနားကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပြည်သူ့ လွှတ်တော်ကိုယ်လှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းပြီး စီးမှုအခြေအနေများအား လှည့်လည်ကြည့်ရှု၍ ကျေးရွာ ပြည်သူများအနေဖြင့်လည်း လမ်းအား ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်း သွားကြရန် မှာကြားခဲ့သည်။

စက်တန်းကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းမှာ အရှည်ပေ ၆၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် မကွေးတိုင်း ဒေသကြီး အစိုးရရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့် ပွင့်ဖြူမြို့နယ်ကျေးဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အနီးကပ် ကြီးကြပ်၍ ကျေးရွာပြည်သူများကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ ကျပ်သိန်း ၉၀၀ ဖြင့် စက်တန်းကျေးရွာအပါအဝင် ကျေးရွာပေါင်း ၇ ရွာတွင် ကွန်ကရစ်လမ်း ၄ လမ်း၊ မြေနီကျောက်စရစ် လမ်း ၂ လမ်းနှင့် မြစ်ကျောက်စရစ်သဲနုံးလမ်း ၁ လမ်း စုစုပေါင်းလမ်း ၇ လမ်းအား အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပြည်သူ့ လွှတ်တော် ကိုယ်လှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၊ ပွင့်ဖြူမြို့ နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဝန်ထမ်းများ ကျေးရွာလမ်းကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)