Skip to main content

ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်စံကိုက်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦဖွင့်ပွဲ အခမ်းအနား မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ဖွင့်လှစ်

ပွင့်ဖြူ      ဒီဇင်ဘာ         ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်စံကိုက်ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာ အဆောက် အဦဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ ကုန်းဇောင်းတိုက်နယ်စံကိုက် ဆေးရုံဝန်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တည်ဆောက်ပြီးစီးသည့် ကုန်းဇောင်းတိုက်နယ်စံကိုက်ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာ အဆောက်အအုံ ဖွင့်ပွဲဆိုင်းဘုတ်အား  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ တိုင်းဒေသကြီးအလုပ် သမားရေးရာ ဝန်ကြီး ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ်က ဆေးရုံအဆောက်အဦအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တည်ဆောက်ပြီးစီးသည့် တိုက်နယ်ဆေးရုံအဆောက် အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားကို ယာယီမဏ္ဍပ်တွင် ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက နိုင်ငံတော်အစိုးရမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက်  လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လမ်းပန်းဆက်သွယ်ရေး ၊ လျှပ်စစ်မီးရရှိရေး စသည့်  ပြည်သူ့အကျိုးပြု ဖွံ့ဖြိုရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေ မှုများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းက  ဒေသခံကျေးလက်နေပြည်သူများ စိတ်အေးချမ်းစွာ ကျန်းမာရေး ဆေးကုသနိုင်ရေး အတွက် ကုန်းဇောင်းတိုက်နယ်စံကိုက်ဆေးရုံအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကို လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက နိုင်ငံတော်အစိုးရမှ ကြိုးပမ်း ဆောင်ရွက်နေသည့် တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရန်အချက်များကို လည်းကောင်း  အသီးသီး ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးတင့်ဆန်းနှင့် ဆေးရုံတည်ဆောက်ရေးကော်မတီနာယက ဦးကျော်မြင့် (ကျေးရွာအုပ်ချုပ်ရေးမှူး) တို့က ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ဒေသခံကျေးလက်နေ ပြည်သူများ စိတ်အေးချမ်းစွာ ကျန်းမာရေး ကုသနိုင်ရေးအတွက် စံကိုက်ဆေးရုံအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးမှုအပေါ် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ကုန်းဇောင်းတိုက်နယ်စံကိုက်ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာ အဆောက်အဦ တည်ဆောက်ပြီးစီးမှု အခြေအနေအား တာဝန်ယူဆောက်လုပ်ခဲ့သည့် မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မင်းခန့်က ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရဲမြင့်အောင် က ကုန်းဇောင်းတိုက်နယ်စံကိုက် ဆေးရုံဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရအလံများကို ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီးအလုပ်သမား ရေးရာဝန်ကြီး ဦးမြင့်ဆွေ တို့အား ပေးအပ်ခဲ့ပြီး မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မင်းခန့်က အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ကုန်းဇောင်းတိုက်နယ် စံကိုက် ဆေးရုံတာဝန်ခံ (SMO) ဒေါက်တာ သီသီအေး ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ တည်ဆောက်ပြီးစီးသည့် ကုန်းဇောင်းတိုက်နယ်စံကိုက်ဆေးရုံမှာ အလျား  ၁၄၁ ပေ ၊ အနံ ၁၁၀ ပေ ၆ လက်မ ၊ အမြင့် ၁၃ ပေ အာရ်စီတစ်ထပ်ဖြစ်ကာ မိုးရာသီတွင် ရေဝပ်မှုများကင်းဝေးစေရန်အတွက် (Print Level) အမြင့် ၅ ပေ ထည့်သွင်း၍ တည်ဆောက် ထားခြင်းဖြစ်ကြောင်း ၊ ထို့အပြင် ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်နိုင်ရေး အတွက် (၄)ခန်းတွဲ တစ်ထပ်အဆောက် အဦ (၂)လုံး ၊ (၃)ခန်းတွဲ တစ်ထပ်အဆောက်အဦ(၁)လုံး ၊ (၂)ခန်းတွဲ တစ်ထပ် အဆောက်အဦ (၁)လုံး  တို့ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေ သိန်းပေါင်း ၆၃၀၀ ဖြင့် မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ၍ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလဆန်းပိုင်းက စတင် တည်ဆောက်ခဲ့ရာ ယခုလဆန်းပိုင်းတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

ယခုအခါ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်ဆေးရုံအား စံကိုက်ဆေးရုံအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပြီးစီး သွားပြီဖြစ်၍ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းတိုက်နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို စိတ်အေးချမ်းစွာ  ကျန်းမာရေးပြုစုကုသပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါ ကုန်းဇောင်းတိုက်နယ်စံကိုက်ဆေးရုံမှ တာဝန်ခံ (SMO) ဒေါက်တာ သီသီအေးထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)