မူဆယ် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်သည့် ပြည်နယ်ဝန်ကြီးအဖွဲ့သည် ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က မူဆယ်မြို့၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် မူဆယ်မြို့၊ ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး မူဆယ်ခရိုင်၊ နယ်စပ်ဒေသတွင် လက်ရှိလုပ်ငန်းစီမံဆောင်ရွက်လျက်ရှိသည့် အချက်အလက်များနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုအခြေအနေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်နှင့် (၁၀၅)မိုင်၊ နယ်စပ်ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးတို့က ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။
မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး က လက်ရှိ မူဆယ်ခရိုင်၊ နယ်စပ်ဒေသ၌ စီမံဆောင်ရွက်လျက် ရှိသည့် “မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသရှိ နယ်စပ်ဂိတ်တစ်ချို့အား အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်နိုင်ငံ၊ တာဝန်ရှိသူများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ တရုတ်နိုင်ငံဘက်မှ နယ်နိမိတ်ကာရံထားမှု အခြေအနေ၊ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက် နိုင်ရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြသည့် ကုန်တင်ယာဉ်များကြောင့် ဒေသအတွင်း ယာဉ်ကြောကြပ်တည်းမှု မရှိစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ကော်မတီဖွဲ့စည်းပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်အမျိုးအစားအလိုက် ကော်မတီ အဖွဲ့မှ စနစ်တစ်ကျစိစစ်ဆောင်ရွက်မှု အခြေအနေနှင့် အခြားနယ်စပ်ဒေသ အကြောင်းအရာများကို” ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။
“မူဆယ်မြို့၊ (၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော One Stop Service(OSS) အင်အားစာရင်း အချက်အလက်များ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု သွင်းကုန်/ပို့ကုန်အခြေအနေ၊ မြန်မာနိုင်ငံ ဘက်မှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၊ တရုတ်နိုင်ငံဘက်မှ အများဆုံးတင်သွင်းသည့် ပစ္စည်း အမျိုးအစားများ၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်-ကျိန်စမ်းကျော့လမ်း အသစ်ဖောက်လုပ်မည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေးကျဆင်းမှုအခြေအနေနှင့် အခြားကုန်သွယ်ရေး အကြောင်းအရာ အဖြာဖြာများကို” (၁၀၅)မိုင်၊ နယ်စပ်ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် က “မူဆယ်မြို့၊ နယ်စပ်ဒေသသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလဖြစ်သည်နှင့်အညီ အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ရသည့်အပေါ် ဌာနဆိုင်ရာများဝိုင်းဝန်းပူးပေါင်း၍ အဆင်ပြေချောမွေ့စွာ စီမံခန့်ခွဲနိုင်ခြင်းကို တွေ့မြင်ရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမရှိစေရေးအတွက် လိုအပ်သည့် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ဝိုင်းဝန်းပူးပေါင်းပြီး အရှိန်မပျက် ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြချက်များ အပေါ်လိုအပ်သည်များကို” ပြန်လည်ဖြည့်စွက်ပြောကြားသည်။
ထို့နောက် မူဆယ်မြို့သို့ လာရောက်သည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များ တည်းခိုနိုင်ရန်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ဧည့်ရိပ်သာ)အဖြစ် မွမ်းမံတည်ဆောက်မည့် မူဆယ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးဟောင်း)အား ဝန်ကြီးချုပ်နှင့်အဖွဲ့တို့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး မူဆယ်ခရိုင်၊ ခရိုင်ဆေးရုံသစ်၌ တရုတ်နိုင်ငံမှ လှူဒါန်းတပ်ဆင်ပေးထားသော ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့် ဓာတ်ခွဲစက်ကို သွားရောက် လှည့်လည် ကြည့်ရှုသည်။
မူဆယ်ခရိုင်၊ ခရိုင်ပြည်သူ့ဆေးရုံအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေ (၁၀)သိန်းကျပ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် က ပေးအပ်ရာ မူဆယ်မြို့၊ ကျန်းမာရေးမှူး ဒေါက်တာဟန်နိုင်စိုး က လက်ခံခဲ့ပြီး တရုတ်နိုင်ငံဘက်မှ ပြန်လည် ရောက်ရှိလာသူ များကို ယာယီလက်ခံထားရှိသည့် မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်း၌ တာဝန်ထမ်းဆောင်းကြသည့် မူဆယ်မြို့၊ ဂရုဏာလူမှုကူညီရေးပရဟိတအသင်းအား အလှူငွေ(၁၀)သိန်းကျပ်၊ ကျန်းမာရေးအသုံးအဆောင် ပစ္စည်းများနှင့် အာဟာရဖြည့် အစားအစာများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ထောက်ပံ့ပေးအပ်ရာ ကရုဏာလူမှုကူညီရေး ပရဟိတ အသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် ပရဟိတအဖွဲ့တို့က အသီးသီးလက်ခံခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)