လွိုင်ကော်၊ ဒီဇင်ဘာ ၁၆
ကယားပြည်နယ်၌ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရပ်နားထားခဲ့ရာ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းမှစ၍ ပြန်လည်ပြေးဆွဲလျက်ရှိသည်။
ကယားပြည်နယ်အတွင်းသို့ လေကြောင်းခရီးစဉ်ဖြင့် လာရောက်ကြသည့် နေရပ်ပြန် ပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ရွှေလွိုင်ကော် ပရဟိတအသင်း တို့မှ ၎င်းတို့၏ ဆန္ဒအတိုင်း Facility Quarantine နှင့် Hotel Quarantine တို့၌ စနစ်တကျထားရှိပြီး ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ဘယ်တိုင်းဒေသကြီး၊ ဘယ်မြို့နယ်ကနေပဲ လာလာ ကျန်းမာရေးထောက်ခံချက် Negative ပါရင်လဲ Quarantine ဝင်ရောက်ရမှာ ဖြစ်ပါတယ်၊ ရန်ကုန်က လာရောက်သူတွေကိုတော့ Hotel Quarantine နေချင်တယ်ဆိုရင် Hotel Quarantine မှာသွားနေ၊ မနေချင်ရင်တော့ ပညာရေးကောလိပ် (Facility Quarantine) မှာ နေရမှာဖြစ်ပါတယ်၊ Hotel Quarantine ဝင်ရောက်မယ်ဆိုရင်တော့ ကုန်ကျစရိတ်များကို မိမိကိုယ်တိုင်ကျခံရမှာ ဖြစ်ပါတယ်၊ ကယားပြည်နယ်ကို ဝင်ရောက်လာသူများအနေနဲ့ Quarantine ဝင်ရမှာဖြစ်ပြီး Quarantine မဝင်တဲ့သူ တွေကိုတော့ သဘာဝဘေး ဥပဒေနှင့် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးက ပြောကြားခဲ့သည်။
လေကြောင်းလိုင်းဖြင့် လိုက်ပါစီးနင်းသူများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ မြို့နယ်များမှ ၃၆ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါမရှိကြောင်း အဖြေပါရှိရမည် ဖြစ်ကြောင်း၊ ယနေ့တွင် လေကြောင်း ခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာတွင် လွိုင်ကော်မြို့၌ နေထိုင်သူ ၂ ဦးနှင့် ဒီးမော့ဆိုမြို့နယ်၌ နေထိုင်သူ တစ်ဦးဖြစ် ကြောင်း၊ Stay At Home သတ်မှတ်ထားသည့် မြို့နယ်များမှ ကယားပြည်နယ်အတွင်းသို့ ကားလမ်းဖြင့် ဝင်ရောက် သူများအနေနဲ့ Quarantine (၁၄) ရက် ဝင်ရောက်ရမည်ဖြစ်ကြောင်း၊ Stay At Home သတ်မှတ် မထား သည့်မြို့နယ်မှ ဝင်ရောက်လာလျှင် Quarantine (၇)ရက် ဝင်ရောက်ရမည်ဖြစ်ကြောင်း၊ ကယားပြည်နယ် Quarantine Center များတွင် အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် Hotel Quarantine သီးသန့်နေထိုင်လိုပါက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာထွန်းနေဝင်းက ပြောကြားခဲ့သည်။
အဆိုပါ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွင် ကယားပြည်နယ် လွိုင်ကော်လေဆိပ်သို့ ဝင်ရောက်လာသူ (၃)ဦးရှိပြီး ပြန်လည်ထွက်ခွာသူ (၇)ဦးရှိကြောင်းနှင့် လေယာဉ်ခရီးစဉ်အတွင်း လိုက်ပါစီးနင်းမည့် ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများအားလုံးကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်သွား မည်ဖြစ် ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)