Skip to main content

ကြက်သွန်ဖြူသီးနှံ (GAP and Water Management) စံပြစိုက်ခင်းသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

 လားရှိုး ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် မန်းပွဲကျေးရွာရှိတောင်သူဦး စိုင်းထွန်းလှိုင်၏ ကြက်သွန်ဖြူ သီးနှံ( GAP and Water Management) စံပြစိုက်ခင်းသို့ ယနေ့ နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့မှ သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်သည် ဟင်းသီး ဟင်းရွက်သစ်သီးဝလံ အမျိုးအမည်စုံလင်စွာ စိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်ကြီးတစ်ခုဖြစ်သဖြင့် တစ်နိုင်ငံ လုံးရှိ တိုင်းရင်းသားပြည်သူများသည် ရှမ်းပြည်နယ်မှထွက်ရှိသော သီးနှံများကိုစားသုံးရပြီး ပြည်သူ တစ်ရပ် လုံး၏အစားအစာ ဘေးကင်းလုံခြုံရေးအတွက် အရေးကြီးသည့် ပြည်နယ်လည်းဖြစ်ကြောင်း​၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၂၀၁၆-၂၀၁၇ခုနှစ်မှစ၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံး စိုက်ပျိုးခြင်းကိုစတင်ဆောင်ရွက်လာခဲ့သည့်မှာ (၄)နှစ်တာကာလ အတွင်းသီးနှံပေါင်း(၂၀)မျိုးကို အသိအမှတ် ပြုလက်မှတ်များရရှိ အောင်ပညာပေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးခြင်းကိုပညာပေးလုပ်ငန်းများမှ တစ်ဆင့်ယခုအချိန်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သော GAP အထူးဇုန်ကြီးများ ဖော်ဆောင်စိုက် ပျိုးထုတ်လုပ်သွားရန် လိုအပ်သဖြင့် လက်ဖက်၊နာနတ်၊ အာလူး၊ ငရုတ်၊ ကြက်သွန်ဖြူ၊ မက္ကဒေးမီးယားစသည့်သီးနှံများကို ဧကထောင်ချီစိုက်ပျိုးသော GAP အထူးဇုန်ကြီးများ အဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု သိရပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အနေဖြင့် ယခုနှစ်ဆောင်းသီးနှံ အဖြစ်ကြက်သွန်ဖြူဧက(၁၀၀၀၅) ဧကစိုက်ပျိုးရန် လျာထားသည့်အနက် လားရှိုးမြိူ့နယ်တွင် (၁၅၉၅) ဧကစိုက်ပျိုးသွားမည်ဟု သိရပြီးယခင်နှစ်ကလည်း သိန်းနီမြို့နယ်တွင် ကြက်သွန်ဖြူဧက (၂၀၀)GAP စနစ်ဖြင့်ထုတ်လုပ်နိုင်ခဲ့သည့်ကို သိရှိရပါကြောင်း၊ ယနေ့ တက်ရောက် လာသည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများလိုက်နာ ကျင့်သုံး စိုက်ပျိုးထုတ်လုပ်ပြီးထုတ်လုပ်သူ စားသုံးသူများ အားလုံးဘေးကင်း လုံခြုံရေးကိုဆောင်ရွက်ကြသည့် အတွက်ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်းပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ လားရှိုးမြို့နယ် ကြက်သွန်ဖြူ GAP စိုက်ပျိုးတောင်သူများအားသဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီးတောင်သူများ ကိုယ်စားတောင်သူဦးစိုင်းထွန်းလှိုင်မှ ကျေးဇူးတင် စကားပြန်လည် ပြောကြားကာပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့နယ်၊မန်းပွဲလုံ ကျေးရွာအုပ်စု၊ မန်းပွဲကျေးရွာ တောင်သူဦးစိုင်းထွန်းလှိုင်၏ ကြက်သွန်ဖြူ GAP စိုက်ခင်းတွင် ရေစုဆောင်းထား ခြင်းနှင့် ရေချွေတာသုံးစွဲမှု (Water Management)ဆောင်ရွက်ထားရှိမှုနှင့် ကွင်းသရုပ်ပြသမှုတို့ကို ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)